၂၆. ၆.၂၀၂၆
Written by KL
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ သံလွင်လမ်းမကြီး၊ ရွာတော်ဈေးမီးပွိုင့်အနီးတွင် အရှိန်လွန်မောင်းလာသော မော်တော်ယာဥ်တစ်စီးက သစ်ပင်နှင့် ဓာတ်တိုင်ကို တိုက်မိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိမှု ဇွန်လ ၂၅ ရက် ည ၈ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
အရက်သောက်ထားသည့် အမျိုးသားတစ်ဦး မောင်းနှင်လာသော မော်တော်ယာဥ်တစ်စီးမှာ ရွာတော်မီးပွိုင့်အနီးတွင် အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်တက်သွားပြီး သစ်ပင်နှင့် ဓာတ်တိုင်တို့ကို ဝင်ရောက်တိုက်မိကာ လမ်းပေါ် ပြန်လည်ပြုတ်ကျရာမှ မော်တော်ယာဥ် ခေါင်းပိုင်းကြေမွသွားကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် သဗ္ဗသုခအလုံးစုံ အခမဲ့နာရေးကူညီမှု အသင်းမှ အသင်းဝင်တစ်ဦးထံမှ သိရသည်။


ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းအပါအဝင် ယာဥ်ပေါ်ပါသူ အမျိုးသားသုံးဦးအနက် အမျိုးသားတစ်ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးတွင် အသက်အန္တရာယ် စိုးရိမ်ရသော ထိခိုက်ဒဏ်ရာများနှင့် ကျန်တစ်ဦးတွင် အသက်အန္တရာယ် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့်ဒဏ်ရာရရှိသူတို့ကို စေတနာ (အေးငြိမ်းချမ်းသာ)လူမှုကူညီရေးအသင်းမှ အသင်းဝင်များနှင့် သဗ္ဗသုခအလုံးစုံ အခမဲ့နာရေးကူညီမှု အသင်းမှ အသင်းဝင်များက သူနာတင်ယာဉ်တို့ဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


