သတိုး
၂၆. ၆. ၂၀၂၆
တရုတ်နိုင်ငံ၏ခေါင်းဆောင် သမ္မတရှီကျင့်ဖျင်သည် ယခု သောကြာနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်နှင့် တွေ့ဆုံမည်ဖြစ်ရာ၊ ၎င်းသည် ၎င်း၏ဩဇာအာဏာနှင့် စီးပွားရေးဆက်ဆံရေးကို တည်ဆောက်ရန်နှင့် ပါဝါချိန်ခွင်လျှာကို အနောက်အုပ်စုထံမှ “လွှဲပြောင်းရယူရန်” ကြိုးပမ်းနေစဉ် ယခုနှစ်ဝက်အတွင်း ပီကင်းသို့ လာရောက်လည်ပတ်သည့် ကမ္ဘာ့ခေါင်းဆောင်များလှိုင်း၏ နောက်ဆုံးခရီးစဉ် ဖြစ်လာသည်။
ရှီကျင့်ဖျင်နှင့် တာရစ် ရာမန် (Tarique Rahman) တို့၏ တွေ့ဆုံမှုသည် တရုတ်ခေါင်းဆောင်က မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ပေကျင်းတွင် ဧည့်ဝတ်ကျေပွန်စွာ နိုင်ငံတော်အဆင့် ကြိုဆိုခဲ့ပြီးနောက် နှစ်ပတ်မပြည့်မီ အချိန်အတွင်း ထပ်မံ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။
မေလအတွင်းကလည်း ရှီကျင့်ဖျင်သည် အမေရိကန်၊ ရုရှား၊ ဘရူနိုင်း၊ ဆားဘီးယား၊ တာဂျီကစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ခေါင်းဆောင်များကို ဧည့်ခံခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီး အများအပြားလည်း အဆင့်နိမ့်အစည်းအဝေးများအတွက် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ကြသည်။
ယခုနှစ်အတွင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အပါအဝင် သမ္မတများနှင့် ဝန်ကြီးချုပ်များ ဖြစ်ကြသော ကမ္ဘာ့ခေါင်းဆောင် တစ်ဒါဇင်ကျော်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။
“ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ပီကင်းကို သွားရောက်ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ရှည်လျားတဲ့စာရင်းဟာ တရုတ်နိုင်ငံရဲ့ တိုးတက်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို ပိုမိုအသိအမှတ်ပြုလာကြတာကို ထင်ဟပ်နေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) မှ အကြီးတန်းသုတေသနပညာရှင် ဝီလျံ ယန် က ပြောကြားခဲ့သည်။
ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ အပါအဝင် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြသည့် ခေါင်းဆောင်အများစုက ၎င်းတို့၏ခရီးစဉ်များကို ပိုမိုမရေရာမသေချာဖြစ်လာနေသည့် အမေရိကန်၏ အခြေအနေ နောက်ခံကားချပ်ကို ဆန့်ကျင်၍ ‘အလတ်စားအင်အားကြီး’ (Middle-power) နိုင်ငံများအနေဖြင့် ပေကျင်းနှင့် သီးခြားလွတ်လပ်သော ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ပုံဖော်ခဲ့ကြသည်။

တရုတ်နိုင်ငံအနေဖြင့် ထိုကဲ့သို့သော ခရီးစဉ်များကို အသုံးချကာ “၎င်းတို့ အစဉ်တစိုက် အားပေးမြှင့်တင်နေသည့် အစားထိုး ဗဟုဝင်ရိုးစွန်း ကမ္ဘာ့စည်းစနစ်ကို ဖော်ဆောင်နိုင်သလို၊ တစ်ဖက်တွင်လည်း အဆိုပါနိုင်ငံများ၏ အမေရိကန်အပေါ် ထားရှိသည့် ယုံကြည်ကိုးစားမှုကို အားနည်းသွားစေနိုင်သည်” ဟု ယန် က ဆိုသည်။
နိုင်ငံအများအပြား၏ အမြင်တွင် အမေရိကန်သည် ကမ္ဘာ့ဇာတ်ခုံပေါ်ရှိ ၎င်း၏ဦးဆောင်မှုအခန်းကဏ္ဍမှ နောက်ဆုတ်နေချိန်၌ တရုတ်နိုင်ငံသည် မိမိကိုယ်မိမိ တည်ငြိမ်မှု၏ အရင်းအမြစ်တစ်ခုအဖြစ်လည်းကောင်း၊ ဆင်းရဲသောနိုင်ငံအများစုအတွက် ချေးငွေထုတ်ပေးသူအဖြစ်လည်းကောင်း ပုံဖော်ပြသနေသည်။
အမေရိကန်သမ္မတထရမ့်ပ်၏ ခမ်းနားထည်ဝါလှသော နိုင်ငံတော်အဆင့် ခရီးစဉ်ရှိခဲ့လင့်ကစား ပေကျင်းသည် ဒီမိုကရေစီအသွင်ပြောင်းနိုင်ငံများနှင့် ကမ္ဘာ့တောင်ခြမ်း (Global South) နိုင်ငံများမှ ခေါင်းဆောင်များကို စည်းရုံးသိမ်းသွင်းရန် ဝန်မလေးခဲ့ပေ။
မြန်မာ့တပ်မတော်အကြီးအကဲမှ သမ္မတဖြစ်လာသည့် ဦးမင်းအောင်လှိုင်သည် ပေကျင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့်ကော်ဇောနီခင်း ကြိုဆိုမှုကို ရရှိခဲ့သည်။ တရုတ်ခေါင်းဆောင်ရှီက ဦးမင်းအောင်လှိုင်၏ အုပ်ချုပ်ရေးယန္တရားအပေါ် “ခိုင်မာစွာထောက်ခံကြောင်း” ပြသခဲ့ပြီး၊ စစ်ဘေးဒဏ်သင့်နေသော ၎င်းနိုင်ငံ၏ “ပြည်တွင်းရေး” တွင် “ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ” ကို ထပ်လောင်းပြောကြားခဲ့သည်။
ပေကျင်း၏ နိုင်ငံတော်အဆင့် ကြိုဆိုမှုအောက်တွင် ဦးမင်းအောင်လှိုင်သည် ပျော်ရွှင်နေပုံရသည်။ စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခနှင့် ကာနက်ဂျီတရုတ် (Carnegie China) ၏ အမြဲတမ်းမဟုတ်သော ပညာရှင် ဂျာ အီယန် ချောင် (Ja Ian Chong) ၏ အဆိုအရ ယခုအပတ်ခရီးစဉ်မှတစ်ဆင့် “မြန်မာနိုင်ငံတော်သမ္မတ၏ မြန်မာနိုင်ငံအပေါ် အုပ်ချုပ်မှု တရားဝင်မှုကို လက်ခံကြောင်း” ပြသခဲ့သည့် ပေကျင်းအတွက်မူ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများအပေါ် ကမ္ဘာလုံးဆိုင်ရာဝေဖန်မှုများက ဂရုစိုက်စရာကိစ္စ မဟုတ်ခဲ့ပေ။
လန်ဒန်တက္ကသိုလ် SOAS ၏ တရုတ်မြေလေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး စတိဗ် ဆန် (Steve Tsang) ၏ အဆိုအရမူ ဦးမင်းအောင်လှိုင်အပေါ် ဤချဉ်းကပ်မှုသည် ရှီကျင့်ဖျင်၏ “မည်သည့်နိုင်ငံမျှ အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို မည်သို့စီမံခန့်ခွဲရမည်ဟု ပြောဆိုပိုင်ခွင့်မရှိစေရန်” နိုင်ငံတကာစည်းစနစ်ကို ဩဇာလွှမ်းမိုးမည့် ပိုမိုကျယ်ပြန့်သော စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားသည်။

“သိပ်ပြီးထင်ပေါ်ကျော်ကြားမှုမရှိတဲ့၊ ဖွံ့ဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်ဆောင်တာဟာ ဒီမဟာဗျူဟာရဲ့ အဓိကအချက်ပါပဲ” ဟု ဆန် က ပြောကြားခဲ့သည်။ “[ရှီကျင့်ဖျင်ဟာ] ပါဝါချိန်ခွင်လျှာကို အဆင့်မြင့်ဒီမိုကရေစီနိုင်ငံတွေရဲ့ လက်ထဲကနေ တရုတ်နိုင်ငံက ခေါင်းဆောင်အဖြစ် ဦးဆောင်မယ့် ကမ္ဘာ့တောင်ခြမ်း (Global South) ဆီကို အခြေခံကျကျ လွှဲပြောင်းပေးနေတာ ဖြစ်ပါတယ်။”ဟု ယင်းက သုံးသပ်သည်။
ယခုလအစောပိုင်းကလည်း ရှီကျင့်ဖျင်သည် ရှားရှားပါးပါး ပြည်ပခရီးစဉ်တစ်ခုအဖြစ် ကင်ဂျုံအွန်ထံ သွားရောက်လည်ပတ်စဉ်က အခြားသော ဆူးညှောင်ခလုတ်ပြဿနာတစ်ခုကို ရှောင်ကွင်းပြီး အလားတူဗျူဟာကို အသုံးပြုခဲ့သည်။ ယခင်က မြောက်ကိုရီးယား၏ နျူကလီယားလက်နက် အစီအစဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသော်လည်း ယခု ထုတ်ပြန်ချက်များတွင် အဆိုပါကိစ္စရပ်မှာ သိသာထင်ရှားစွာ ပျောက်ကွယ်နေခဲ့သည်။ ဆက်ဆံရေး တည်ငြိမ်မှုက ပိုမိုဦးစားပေးအဆင့်ဖြစ်ခဲ့ပြီး ပေကျင်း၏ နှုတ်ဆိတ်နေမှုမှာ မြောက်ကိုရီးယား၏ နျူကလီယားပိုင်ဆိုင်မှု အခြေအနေကို သွယ်ဝိုက်၍ လက်ခံလိုက်ခြင်းအဖြစ် ရှုမြင်ကြသည်။
တရုတ်အစိုးရပိုင် မီဒီယာများသည် ပေကျင်းကို ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာ ဗဟိုချက်အသစ်အဖြစ် ပုံဖော်ရန် စိတ်အားထက်သန်နေကြသည်။ မေလအတွင်းက Global Times သတင်းစာတွင် ထရမ့်ပ်နှင့် ပူတင်တို့၏ ဆက်တိုက်ခရီးစဉ်များသည် “တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ပြက္ခဒိန်၏ သိပ်သည်းမှုနှင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ၎င်း၏ တိုးချဲ့လာနေသော ဩဇာလွှမ်းမိုးမှု နှစ်ခုစလုံးကို အလေးအနက်ဖော်ပြနေသည်” ဟု ရေးသားထားသည်။
သို့သော်လည်း နိုင်ငံတကာ အကျပ်အတည်းများကို လက်တွေ့ဖြေရှင်းရာတွင် ပေကျင်း၏ ဩဇာလွှမ်းမိုးမှုမှာ အကန့်အသတ်သာ ရှိနေသေးသည်။ အီရန်နိုင်ငံကို အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများဆီသို့ ကနဦး တွန်းပို့ပေးခဲ့သည်ဟု အသိအမှတ်ပြုခံရသော်လည်း ပေကျင်းသည် အဆိုပါပဋိပက္ခတွင် ငြိမ်းချမ်းရေးဖော်ဆောင်သူ ဖြစ်မလာခဲ့ပေ။ ပေကျင်းသည် ၂၀၂၃ ခုနှစ်တွင် ဆော်ဒီအာရေဗျနှင့် အီရန်အကြား ဆက်ဆံရေး ပြန်လည်ပြေလည်အောင် စေ့စပ်ပေးခဲ့သော်လည်း တရုတ်နိုင်ငံသည် တီဟီရန်အပေါ် ပြတ်ပြတ်သားသား ဩဇာလွှမ်းမိုးနိုင်ခြင်း မရှိပေ။
ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအရ အဖြေရှာရန် ၁၂ ချက်ပါ အစီအစဉ်သည် ကြာမြင့်စွာကတည်းက မေ့ပျောက်ခြင်းခံထားရပြီး ရုရှား၏ ကျူးကျော်မှုကို ပေကျင်းက ဆက်လက်ထောက်ပံ့နေမှု၏ အရိပ်အောက်တွင် မှေးမှိန်နေခဲ့သည်။ သို့သော်လည်း ပေကျင်းသည် ၎င်း၏ဩဇာအာဏာနှင့် စီးပွားရေးဆက်ဆံရေးကို တည်ဆောက်ရန်နှင့် ပါဝါချိန်ခွင်လျှာကို အနောက်အုပ်စုထံမှ “လွှဲပြောင်းရယူရန်”ကြိုးပမ်းနေမှုများတွင် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုကောင်းအောင် တည်ဆောက်နေမှုများကို မလွဲမသွေ အနောက်ကမ္ဘာမြေက စောင့်ကြည့်နေရမည်သာဖြစ်သည်။
(The Gurdians က ဖော်ပြသည့် Xi Jinping has hosted more than a dozen leaders this year, as ‘middle powers’ look beyond the US ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ်ပြန်ဆိုထားပါသည်)
