သက်တံ့
၂၆. ၆. ၂၀၂၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်တစ်လျှောက် ပစ်ခတ်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် လက်နက်စနစ်သစ်များ စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ယနေ့တွင် ဖော်ပြခဲ့သည်။ ယင်းသည် တောင်ကိုရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဆိုးလ်မြို့ပြဒေသကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် သမားရိုးကျလက်နက်များကို ခေတ်မီအောင်ပြုလုပ်ရန် ပြုံယမ်း၏ ဆက်တိုက်ကြိုးပမ်းမှုများကို ပေါ်လွင်စေသည်။
လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိသည့် နေရာတစ်ခုတွင် ကြာသပတေးနေ့က စမ်းသပ်ခဲ့သော လက်နက်သစ်များထဲ၌ အလိုအလျောက်လမ်းညွှန်စနစ် (Automated guidance system) ပါဝင်ပြီး ပစ်ခတ်မှုအကွာအဝေး ၅၆ မိုင်အထိ ရှိသော အဆင့်မြှင့်တင်ထားသည့် ၂၄၀ မီလီမီတာ၊ ပြွန် ၂၄ ခုပါ ဘက်စုံသုံးဒုံးပစ်စနစ် (Multiple rocket launcher) ပါဝင်ကြောင်း KCNA က ဖော်ပြခဲ့သည်။
ထို့အပြင် ပစ်ခတ်မှုအကွာအဝေး မိုင် ၄၀ အထိရှိသော ၁၅၅ မီလီမီတာ အလိုအလျောက်မောင်းနှင်သည့် အမြောက်ကြီး (Self-propelled howitzer) အတွက် အမြောက်ကျည်များနှင့် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်အတွက် အထူးထိပ်ဖူးတစ်ခုကိုလည်း စမ်းသပ်ခဲ့သည်။ အဆိုပါထိပ်ဖူးမှာ “ရန်သူ့လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအပါအဝင် အဓိကပစ်မှတ်များကို ပြင်းထန်စွာပျက်စီးစေရန် ရည်ရွယ်သည်” ဟု KCNA က ဆိုသည်။
ကင်ဂျုံအွန်က ယခုပစ်ခတ်မှုများသည် “တောင်ဘက်နယ်စပ်၏ ပစ်ခတ်မှုပုံစံကို အပြောင်းအလဲဖော်ဆောင်ရန်” ပါတီ၏မူဝါဒကို အကောင်အထည်ဖော်ရာတွင် ရရှိခဲ့သည့် “ကြီးမားသော နည်းပညာတိုးတက်မှု” ကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယင်းမူဝါဒမှာ ကာကွယ်ရေးကို အားကောင်းစေရန်သာမက “မည်သည့်ရန်သူမျှ ရင်ဆိုင်ရဲခြင်းမရှိစေရန် သေကြေပျက်စီးစေနိုင်သော တိုက်စစ်ဆင်မှုပုံစံ” ကို တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လူဦးရေ ၁၀ သန်းကျော် နေထိုင်ရာ ဆိုးလ်မြို့သည် နယ်စပ်နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးပြီး ဝန်းရံထားသည့် ဂယောင်းဂီပြည်နယ် (Gyeonggi Province) မှာ တောင်ကိုရီးယား၏ လူဦးရေအထူထပ်ဆုံးနှင့် စက်မှုဇုန်အများဆုံး ဒေသတစ်ခု ဖြစ်သည်။ ယခုစမ်းသပ်မှုများသည် တောင်ကိုရီးယားအပေါ် စစ်ရေးအရ ပိုမိုတင်းကျပ်ရန် ပြုံယမ်း၏ စဉ်ဆက်မပြတ် တွန်းအားပေးမှုများအကြား ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်လကလည်း ကင်ဂျုံအွန်သည် “မဖောက်ထွင်းနိုင်သော ခံတပ်” တစ်ခု ဖန်တီးရန် နယ်စပ်တစ်လျှောက် ရှေ့တန်းကာကွယ်ရေးကို အားကောင်းစေရန် တောင်းဆိုခဲ့ပြီး ကြာသပတေးနေ့က လက်နက်စမ်းသပ်မှုမှာ အဆိုပါကျယ်ပြန့်သော ကြိုးပမ်းမှု၏ ပစ်ခတ်မှုစွမ်းရည်အပိုင်းကို ကိုယ်စားပြုဟန်ရှိသည်။
မြောက်ကိုရီးယားသည် စစ်မဲ့ဇုန် (DMZ) အတွင်းရှိ စစ်ရေးအရ ထိတွေ့မှုစည်း (Military Demarcation Line) အနီးတွင် ဆူးကြိုးပြားခြံစည်းရိုးများ တပ်ဆင်ခြင်းနှင့် မိုင်းထောင်ခြင်းလုပ်ငန်းများအတွက် ပြင်ဆင်ခြင်းအပါအဝင် ခံတပ်တည်ဆောက်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် အဆိုပါလှုပ်ရှားမှုသည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အဆုံးသတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း ပြုံယမ်းသည် ၎င်း၏ပထမဆုံး တန် ၅,၀၀၀ ရှိ ဖျက်သင်္ဘော ‘ချွဲဟျွန်း’ (Choe Hyon) ကို စတင်ရေချခဲ့ပြီး ယင်းသင်္ဘောတွင် နျူကလီယားထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည်များ တပ်ဆင်ထားကြောင်း ကင်ဂျုံအွန်က ပြောကြားခဲ့သည်။ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ရုရှားစစ်သင်္ဘောများပေါ်၌ တွေ့ရလေ့ရှိသည့် ဒုံးကျည်ပစ်စင်များနှင့် ရေဒါစနစ်များနှင့် ဆင်တူနေသဖြင့် ပြုံယမ်းအနေဖြင့် မော်စကိုထံမှ နည်းပညာအကူအညီ ရရှိထားနိုင်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေသည်။
မြောက်ကိုရီးယားသည် ယူကရိန်းတွင်ဖြစ်ပွားနေသော ရုရှား၏စစ်ပွဲကို ထောက်ပံ့ရန် စစ်သားများ၊ အမြောက်များနှင့် လက်နက်များကို စေလွှတ်ထားပြီး တုံ့ပြန်မှုအနေဖြင့် ငွေကြေးထောက်ပံ့မှုနှင့် အဆင့်မြင့်စစ်ရေးနည်းပညာများကို ရရှိနေသည်ဟု အများက ယုံကြည်ထားကြသည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ပြီးခဲ့သည့်နှစ်က ရာထူးရရှိပြီးကတည်းက မြောက်ကိုရီးယားနှင့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းခဲ့သော်လည်း ပြုံယမ်း၏ တိုးချဲ့လာနေသော လက်နက်အစီအစဉ်များကို တုံ့ပြန်ရန် ဆိုးလ်၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန်လည်း တောင်းဆိုခဲ့သည်။
သောကြာနေ့တွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ခေတ်သစ်ပဋိပက္ခများမှ သင်ခန်းစာများနှင့် မော်စကိုနှင့် မြောက်ကိုရီးယားတို့၏ တိုးမြှင့်လာနေသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ကိုးကား၍ စစ်တပ်၏ ဒရုန်းနှင့် ဒရုန်းကာကွယ်ရေးစွမ်းရည်များကို လျင်မြန်စွာတိုးချဲ့မည့် အစီအစဉ်တစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။
“မြောက်ကိုရီးယားဟာ လက်ရှိမှာ ရုရှားဆီကနေ နည်းပညာလွှဲပြောင်းရယူမှုတွေ ရှိနေတာကြောင့် စစ်ဆင်ရေးပတ်ဝန်းကျင်ရဲ့ အမျိုးမျိုးသော ပြောင်းလဲမှုတွေကို ကြိုတင်တုံ့ပြန်ဖို့ ကျွန်တော်တို့ အရေးတကြီးလိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး အန်ဂယူဘတ် (Ahn Gyu-back) က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်အရ ၂၀၃၀ ပြည့်နှစ်တွင် တန်ဖိုးနည်း ကင်းထောက်ဒရုန်းများနှင့် အသေခံဒရုန်း (Loitering drones) အစင်းရေ ၂၀,၀၀၀ ဝယ်ယူရန် တောင်းဆိုထားပြီး ပြည်တွင်းဖြစ် K-Lucas မိုင်ဝေးပစ် အသေခံဒရုန်းများ တပ်ဆင်မှုကို အရှိန်မြှင့်တင်သွားမည်ဖြစ်သည်။ ထို့ပြင် တန်ဖိုးနည်းဝေဟင်ခြိမ်းခြောက်မှုများကို ချေမှုန်းရန် လေဆာလက်နက်များ၊ စွမ်းအားမြင့်မိုက်ခရိုဝေ့ဖ်စနစ်များနှင့် ကြားဖြတ်ဖမ်းဆီးမည့် ဒရုန်းများ (Interceptor drones) အပါအဝင် ဒရုန်းကာကွယ်ရေးစွမ်းရည်များကိုလည်း တိုးချဲ့သွားမည်ဖြစ်သည်။
ယင်းမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တောင်ကိုရီးယားသည် ကြည်း၊ ရေ၊ လေနှင့် မရိန်းတပ်ဖွဲ့များတစ်လျှောက် “ဒရုန်းစစ်သည်” (Drone warriors) ၅၀၀,၀၀၀ ကို လေ့ကျင့်ပေးရန် ရည်မှန်းထားသည်။ ဝန်ကြီး အန်ဂယူဘတ်က ဒရုန်းများသည် တပ်မတော်တစ်ရပ်လုံးတွင် “အထွေထွေတိုက်ခိုက်ရေးနည်းလမ်း” ဖြစ်လာသင့်ပြီး စစ်သားတိုင်းသည် နောက်ဆုံးတွင် ဒရုန်းများကို “မိမိတို့၏ ဒုတိယကိုယ်ပိုင်လက်နက်ကဲ့သို့” မောင်းနှင်နိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : UPI News
