နေမိုး
၂၆. ၆. ၂၀၂၆
၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇ဝ မှု၊ တရားခံ ၇၅၆၂ ဦး၊ မြန်မာကျပ် ငွေ ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေထံမှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြသည်။
နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အထူးစစ်ဆင်ရေး စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ အထူးစစ်ဆင်ရေး (၄၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သလို ယခုနှစ်မှာလည်း အထူးစစ်ဆင်ရေးတစ်ရပ်ကို စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချို့သည် နိုင်ငံတော်နှင့်လူမျိုးအတွက် အသက်ခန္ဓာကို စွန့်လွှတ်ပေးခဲ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇ဝ မှု၊ တရားခံ ၇၅၆၂ ဦး၊ မြန်မာကျပ် ငွေ ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရာတွင် အရင်းအမြစ်အထိ အရေးယူနိုင်ရန်အတွက် ပြစ်မှုကျူးလွန်သူများ၊ ဆက်စပ်တရားခံများ၊ နောက်ကွယ်မှကြိုးကိုင်သူများကိုပါ ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည့်အပြင် ပြစ်မှုထပ်မံမကျူးလွန်နိုင်အောင် ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဥပဒေနှင့်လည်း အရေးယူလျက်ရှိပါသည်။ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်ရာမှရရှိသော အကျိုးအမြတ်များကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း တန်ဖိုးငွေကျပ် ၄၂၈၅ သန်းကျော်ကို သိမ်းဆည်းနိုင်ခဲ့သည်။
ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ မီးရှို့ဖျက်ဆီးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် မြန်မာငွေကျပ် ၁၀၇၂ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့သည်။ ယခုနှစ်တွင်လည်းရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မီးရှို့ဖျက်ဆီးပွဲများကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာငွေကျပ် ၂၂၀၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးသွားမည်ဖြစ်ပါသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကြောင့် ဖမ်းဆီးရမိမှုများ မြင့်တက်လာခဲ့ရာ ယခင်နှစ်ကထက် နှစ်ဆကျော်ခန့် တိုးမြှင့်ဖျက်ဆီးသွားရမည် ဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေက ပြောကြားသည်။

