◾️ ယခုနှစ်အတွင်း စိုက်ပျိုးရန်လျာထားသည့် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်းကို အောင်မြင်အောင် စိုက်ပျိုးကြရန်လည်း လိုအပ်ကြောင်းပါ မှာကြား
သက်တံ့
၂၆. ၆. ၂၀၂၆
တည်ငြိမ်သည့် ပတ်ဝန်းကျင်ဂေဟစနစ်များ လက်ဆင့်ကမ်းနိုင်ရေးအတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရောက်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်တွင် မှာကြားသည်။
နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယခုလ(၁၃)ရက်တွင် နေပြည်တော်၌ကျင်းပခဲ့ပြီး အပင်ပေါင်း (၃,၀၀၀) စိုက်ပျိုးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အသီးသီး၌လည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်များကိုကျင်းပခဲ့ရာ မူလစိုက်ပျိုးရန် လျာထားချက်ဖြစ်သည့် သစ်ပင်စိုက်ပွဲ(၇၅)နေရာ၊ အပင်ပေါင်း (၅၄,၈၁၀)ပင်ထက်ကျော်လွန်ပြီး သစ်ပင်စိုက်ပွဲ (၁၁၁) နေရာ၊ အပင်ပေါင်း (၈၀,၅၂၀)ကို ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့သည်မှာ ဝမ်းသာစရာပင်ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး(၁၄)မျိုး၊ အပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် Green revolution, Green energy, Green economy စသည်ဖြင့် စိမ်းလန်းသာယာစိုပြည်ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ ပြီးခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်၌ လမ်းတစ်လျှောက် ကားလမ်း၊ စက်ရုံ/အလုပ်ရုံ၊ လူနေအဆောက်အဦ၊ စိုက်ခင်းနှင့် သစ်တောသစ်ပင်များသာ တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် သစ်ပင်သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များ၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သစ်တောသယံဇာတများ သားစဉ်မြေးဆက်တိုင်အောင် ရေရှည်တည်တံ့နိုင်စေရေးအတွက် စနစ်တကျအုပ်ချုပ်လုပ်ကိုင်နိုင်ရေး ဥပဒေများနှင့်အညီ သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို ဖွဲ့စည်းဆောင်ရွက်ကြရကြောင်း၊ ယနေ့အထိသစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော စုစုပေါင်း ၁,၃၃၇ ခု၊ နိုင်ငံဧရိယာ၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်းတည်ထောင်နိုင်ခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်းဖွဲ့စည်းထားနိုင်ခဲ့ပြီးလည်း ဖြစ်ကြောင်းလည်း ထပ်ဆင့်ပြောကြားသည်။
မိမိတို့နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဆန်းစစ်လေ့လာချက်များအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ဟု လေ့လာသိရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများသည်လည်း ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ပြီး သက်ရှိများစွာကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း လက်ရှိနှင့်အနာဂတ် မျိုးဆက်များအတွက် ကောင်းမွန်တည်ငြိမ်သည့် ပတ်ဝန်းကျင်ဂေဟစနစ်များ လက်ဆင့်ကမ်းနိုင်ရေးအတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရောက်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်သစ်တောဖုံးလွှမ်းမှု တိုးတက်လာအောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည်လည်း တိုးလာမည်ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တိုးတက်လာစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန်လည်း သစ်တောဖုံးလွှမ်းမှုလိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
သို့သော်လည်း ယနေ့ကာလတွင် သစ်အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်လိုအပ်ချက်များ မြင့်မားလာခြင်း၊ စက်မှုလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် မြို့ပြများချဲ့ထွင်လာခြင်း၊ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ် ပြောင်းလာခြင်းတို့ကြောင့် သစ်တောများပြုန်တီးလာလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ သစ်တောသယံဇာတအခြေအနေကို ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၁၅ ကနေ ၂၀၂၅ ခုနှစ်အထိ(၁၀)စုနှစ်အတွင်း နှစ်စဉ်သစ်တောဧရိယာဧက ၁၀ ဒသမ ၁၈ သန်းကျဆင်းခဲ့သည်ကို သိရကြောင်း၊ အာဆီယံဒေသ၏ သစ်တောဖုံးလွှမ်းမှုသည်လည်း ဧရိယာ ဧက ၅၉၃ သန်းရှိသည့်အနက် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃၅ နှစ်တာကာလအတွင်း စုစုပေါင်း သစ်တောဧရိယာ ဧက ၈၈ ဒသမ ၉၆ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို လေ့လာသိရှိရကြောင်း၊ အကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝန်းရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို ခံစားလာနေကြရခြင်းပင်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ထို့အပြင် နိုင်ငံတကာရာသီဥတုပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့အချို့၏ ၂၀၂၆ ခုနှစ်၊ ရာသီဥတုဘေးဖြစ်နိုင်ချေအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားမှုအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း၊ အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်ထိရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်သည့်အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထပ်ဆင့်ပြောကြားသည်။

