သက်တံ့
၂၆. ၆. ၂၀၂၆
စင်ကာပူနိုင်ငံတွင် မီးဘေးကာကွယ်ရေးစနစ်များ တပ်ဆင်ခြင်းလုပ်ငန်း လုပ်ကိုင်သည့် Stars Engrg ကုမ္ပဏီနှင့် ၎င်း၏ ဒါရိုက်တာဖြစ်သူတို့အား ၂၀၂၁ ခုနှစ်က တူအာ့စ် (Tuas) စက်မှုဇုန်ရှိ လုပ်ငန်းခွင်တစ်ခုအတွင်း လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇွန်လ ၂၅ ရက်နေ့တွင် စီရင်ချက်ချမှတ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က တူအာ့စ် ရိပ်သာလမ်း ၁၁ (Tuas Avenue 11) တွင် ဖြစ်ပွားခဲ့သော အဆိုပါ ပေါက်ကွဲမှုကြောင့် အလုပ်သမား ၃ ဦး သေဆုံးပြီး အခြားအလုပ်သမား ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလုပ်ငန်းခွင်ကို လုပ်ကိုင်သည့် Stars Engrg ကုမ္ပဏီအား စင်ကာပူဒေါ်လာ ၅၀၀,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး လုပ်ငန်းခွင်လည်ပတ်မှုများကို ကြီးကြပ်ရသူ တစ်ဦးတည်းသော ဒါရိုက်တာဖြစ်သူ အသက် ၄၂ နှစ်အရွယ် ချူအာရှင်းဒါ (Chua Xing Da) ကိုမူ ထောင်ဒဏ် ၁၈ လနှင့် တစ်ပတ် ချမှတ်ခဲ့သည်။
ခရိုင်တရားသူကြီး တန်ဂျင်ဆီ (Tan Jen Tse) က ပြစ်ဒဏ်စီရင်ရာတွင် ကွန်ကရစ်ဖျော်စက် (Mixer machine) လည်ပတ်မှုနှင့် ပတ်သက်၍ ဥပဒေချိုးဖောက်မှုများသည် အချိန်ကာလ အတော်ကြာအောင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် ကုမ္ပဏီအနေဖြင့် အဆိုပါချိုးဖောက်မှုများကို ပြုပြင်ရန် အချိန်အလုံအလောက် ရရှိခဲ့ဖူးကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ကုမ္ပဏီဒါရိုက်တာအနေဖြင့် ချူအာသည် စက်လည်ပတ်ပုံကို အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့်ရှိသူဖြစ်ပြီး အလုပ်သမားများအား စက်အသုံးပြုပုံနှင့် ပတ်သက်၍ မှားယွင်းစွာ ညွှန်ကြားခဲ့သည်။ ၂၁ ရက်ကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် မေလ ၂၆ ရက်နေ့တွင် ချူအာနှင့် Stars ကုမ္ပဏီတို့သည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအက်ဥပဒေ (Workplace Safety and Health Act) အရ ဘေးကင်းလုံခြုံရေး ပျက်ကွက်မှုစွဲချက် ၂ ခုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရသည်။ ၎င်းတို့သည် ဖျော်စက်ကို ဘေးကင်းစွာ အသုံးပြုနိုင်ရန် ပျက်ကွက်ခဲ့သည့်အပြင် ဝန်ထမ်းများအား စက်ပစ္စည်းလည်ပတ်ရန် လုံလောက်သော သင်တန်းနှင့် ကြီးကြပ်မှုများ ပေးရန်လည်း ပျက်ကွက်ခဲ့ကြသည်။
အဆိုပါ ဘေးကင်းလုံခြုံရေး ပျက်ကွက်မှုများကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြသည့် အသက် ၂၃ နှစ်အရွယ် ရှိုဟေးလ် အမ်ဒီ (Shohel Md)၊ အသက် ၂၉ နှစ်အရွယ် အာနစ်ဇူဇာမန် အမ်ဒီ (Anisuzzaman Md) နှင့် အိန္ဒိယနိုင်ငံသား အသက် ၃၈ နှစ်အရွယ် ဆူဘိုင်ယန် မာရီမူသု (Subbaiyan Marimuthu) တို့ သေဆုံးခဲ့ရသည်။ ၎င်းတို့သည် ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းခန့် ပြင်းထန်စွာ မီးလောင်ဒဏ်ရာရရှိမှုကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။
Stars ကုမ္ပဏီ၏ ထုတ်လုပ်မှုမန်နေဂျာဖြစ်သူ မြန်မာနိုင်ငံသား အသက် ၃၆ နှစ်အရွယ် လွင်မိုးထွန်းသည်လည်း ၎င်းနှင့် သေဆုံးသူ ဆူဘိုင်ယန်တို့အကြား ပေးပို့ထားသော ဖုန်းမက်ဆေ့ဂျ်များကို ဖျက်ဆီးခဲ့မှုကြောင့် တရားမျှတမှုအပေါ် ဟန့်တားနှောက်ယှက်မှု (Obstruction of justice) စွဲချက် ၂ ခုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိရပြီး ထောင်ဒဏ် ၆ ပတ် ချမှတ်ခြင်း ခံခဲ့ရသည်။ ဒါရိုက်တာဖြစ်သူ ချူအာသည် ၎င်းအား မက်ဆေ့ဂျ်များဖျက်ရန် သွေးထိုးလှုံ့ဆော်မှုဖြင့် ပြစ်မှုထင်ရှားခဲ့သည်။
ယခင်တရားခွင် ကြားနာစစ်ဆေးမှုများအရ ချူအာနှင့် လွင်မိုးထွန်းတို့သည် လုပ်ငန်းခွင်အတွင်း မီးလောင်မှုဒဏ်ခံနိုင်သော အကာအကွယ်လွှာများ (Fire-retardant wraps) ထုတ်လုပ်မှုကို ကြီးကြပ်ခဲ့ကြသည်။ ၎င်းပစ္စည်းများကို ကုမ္ပဏီက “မီးခံရွှံ့စေး (Fire clay)” ဟုခေါ်သော ရွှံ့စေးကဲ့သို့ အတွင်းလွှာအပါအဝင် အလွှာပေါင်းများစွာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
အဆိုပါ မီးခံရွှံ့စေးကို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ဝယ်ယူပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် တပ်ဆင်ခဲ့သည့် ဖျော်စက်ဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်းစက်တွင် အပူပေးဆီ (Heat transfer fluid) ထည့်သွင်းကာ စက်အတွင်းပိုင်းသို့ အပူလွှဲပြောင်းပေးရသည့် အဆီကန်အလွှာ (Oil jacket) တစ်ခု ပါရှိသည်။
ဖျော်စက်ကို လိုအပ်သောဆီပမာဏထက် လျှော့နည်း၍ လည်ပတ်စေခဲ့သဖြင့် အဆီကန်အလွှာအတွင်း အပူလွန်ကဲကာ ဖိအားများ အဆမတန် မြင့်တက်လာခဲ့သည်။ ထို့အပြင် အပူချိန်တိုင်းကိရိယာများကို စနစ်တကျ အသုံးမပြုခဲ့သဖြင့် အပူချိန်ကို ကောင်းစွာမထိန်းချုပ်နိုင်ဘဲ အဆီကန်အလွှာ ပေါက်ပြဲသွားကာ ဖိအားပြင်းဆီများ အပြင်သို့ပန်းထွက်ပြီး မီးပွားနှင့်ထိတွေ့ကာ အကြီးအကျယ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
တရားလိုပြရှေ့နေများ၏ အဆိုအရ ချူအာသည် စက်အောက်ခြေရှိ အဆီဗားအနီးတွင် မီးလောင်မှုဖြစ်ပွားခြင်း အပါအဝင် “သတိပေးအချက်ပြချက်များ (Red flags)” ဖြစ်ပွားခဲ့ပြီးနောက် စက်သည် အသုံးပြုရန် ဘေးမကင်းကြောင်း သိရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးခြင်းမပြုဘဲ လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။ တရားခွင်အတွင်း ချူအာကမူ ၎င်းမီးလောင်မှုနှင့် ဆီယိုစိမ့်မှုဖြစ်စဉ်များကို စိုးရိမ်ရမည့် သတိပေးချက်များဟု မထင်မှတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးသူ ဆူဘိုင်ယန်၏ဖုန်းသည် လွင်မိုးထွန်းထံတွင် ရှိနေကြောင်း ချူအာက သိရှိခဲ့သည်။ ၎င်းဖုန်းထဲတွင် စက်၏ချို့ယွင်းနေသော အပူပေးစနစ်ကို ဘေးမကင်းစွာ လဲလှယ်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့အကြား ပေးပို့ထားသော မက်ဆေ့ဂျ်များ ရှိနေခဲ့သည်။
ချူအာက ထိုမက်ဆေ့ဂျ်များကို မြန်မာနိုင်ငံသား (လွင်မိုးထွန်း) ၏ ဖုန်းထဲမှ ဖျက်လိုက်လျှင် “အဆင်ပြေကြောင်း” ပြောကြားခဲ့သည်။ လွင်မိုးထွန်းကလည်း စုံစမ်းစစ်ဆေးမှုများတွင် မပတ်သက်ချင်သဖြင့် မိမိဖုန်းနှင့် သေဆုံးသူ၏ဖုန်းထဲမှ မက်ဆေ့ဂျ်များကို ဖျက်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
တရားလိုပြ အစိုးရရှေ့နေများက Stars ကုမ္ပဏီအနေဖြင့် စက်ပစ္စည်းဘေးကင်းရေးကို ဂရုမစိုက်ဘဲ အပူပေးဆီ မလုံလောက်ဘဲ မောင်းနှင်ခြင်း၊ အပူချိန်ကို စောင့်ကြည့်ရန် ပျက်ကွက်ခြင်း၊ စက်ကို မသင့်လျော်သလို ပြုပြင်မွမ်းမံခြင်းနှင့် သတိပေးအချက်ပြချက်များကို လျစ်လျူရှုခြင်း စသည့် ကြီးလေးသော ပျက်ကွက်မှုများစွာ ရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။
တရားမျှတမှုအပေါ် နှောင့်ယှက်မှုစွဲချက်နှင့် ပတ်သက်၍လည်း ဒါရိုက်တာ ချူအာသည် မက်ဆေ့ဂျ်များ ဖျက်ဆီးပြီး နှစ်လနီးပါးအကြာ ၂၀၂၁ ခုနှစ် ဧပြီလကျမှသာ ရဲတပ်ဖွဲ့အား အမှန်အတိုင်း အသိပေးခဲ့ခြင်း ဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ခံရသူ ဒါရိုက်တာ ချူအာနှင့် မြန်မာနိုင်ငံသား လွင်မိုးထွန်းတို့သည် လာမည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် စတင်ကာ ထောင်ဒဏ်များ ကျခံရမည်ဖြစ်သည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဆီလက်စ် စန်း (Silas Sng) က ကုမ္ပဏီများနှင့် ကုမ္ပဏီအရာရှိများသည် လုပ်ငန်းခွင်ဘေးကင်းရေးကို အလေးထားရမည်ဖြစ်ပြီး အန္တရာယ်ရှိသည့် ပထမဆုံးလက္ခဏာတွေ့သည်နှင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ ဘေးကင်းရေးကို ကာကွယ်ရန် ပျက်ကွက်သူများနှင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသည့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရာတွင် နှောင့်ယှက်ဟန့်တားရန် ကြိုးပမ်းသူ မည်သူ့ကိုမဆို ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
Ref : The Straits Times / Asia One
