သတိုး
၂၆. ၆. ၂၀၂၆
မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးကို အားကောင်းစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရေရှည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်က စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် လမ်းညွှန်ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့ သတင်းထုတ်ပြန်ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံအဆင့်နှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးကို အပြည့်အဝရရှိစေရေးနှင့် လိုအပ်သည့် သီးနှံများကို ပြည်တွင်း၌ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန် မှာကြားခဲ့သလို ပြည်ပသွင်းကုန်အစားထိုးရေးအတွက်လည်း စားအုန်းဆီအပါအဝင် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရန် ဆီထွက်သီးနှံများကို ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်မှာကြားခဲ့သည်ဟု သိရသည်။
ထို့အတူ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးအတွက်လည်း သတ်မှတ်ပန်းတိုင်များ ပြည့်မီစေရန်နှင့် အရည်အသွေးမြင့်ပြီး အထွက်နှုန်းကောင်းသည့် စိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်ရန် လမ်းညွှန်ခဲ့သလို ဂျုံဖူလုံရေးအတွက်လည်း ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်ရန်နှင့် ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ပြီး ဂျုံစားသုံးမှုကို မြှင့်တင်ရန်မှာကြားခဲ့သည့်အပြင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်လည်း မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ပြီး နို့စားနွား၊ အသားစားနွားမွေးမြူရေးကို အားပေးဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးချကာ စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရေး ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ ကျွမ်းကျင်လုပ်သားများ (Skill Labor) မှ ပညာရှင်များအထိ စနစ်တကျ မွေးထုတ်၍ လူ့စွမ်းအားအရင်းအမြစ်ကို အားကောင်းစေရေး ဆောင်ရွက်သွားရန်နှင့် ရေရှည်အမျိုးသားရည်မှန်းချက်အဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို ရေရှည်မဟာဗျူဟာ ရည်မှန်းချက်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် စသည်ဖြင့် လမ်းညွှန်ပြောကြားခဲ့သည်ဟု သိရသည်။
