သတိုး
၂၆. ၆. ၂၀၂၆
ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနသည် မယ်ဆိုင် (Mae Sai) နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ဘက်ခြမ်းဆီသို့ တရားမဝင် မှောင်ခိုသယ်ထုတ်ရန် ကြိုးပမ်းခဲ့သည့် စက္ကူဖာများအတွင်း ဝှက်ထားသော ထိုင်းဘတ်ငွေ ၂၃ သန်းကျော်ကို စစ်ဆေးသိမ်းဆည်းရမိခဲ့သည်။
ယနေ့ (ဇွန်လ ၂၆ ရက်) တွင် ထိုင်းအကောက်ခွန်ဦးစီးဌာနက မယ်ဆိုင်အကောက်ခွန်ဂိတ်၏ ဇွန်လ ၂၃ ရက်နေ့ လုပ်ငန်းဆောင်ရွက်မှု ရလဒ်အား ထုတ်ပြန်ကြေညာခဲ့ရာ၌ ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့က မြန်မာအမျိုးသားလူငယ်တစ်ဦး မောင်းနှင်လာသည့် မြန်မာနိုင်ငံလိုင်စင်နံပါတ် တပ်ဆင်ထားသော ပုဂ္ဂလိကမော်တော်ယာဉ်တစ်စီးကို ရှာဖွေစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ဆေးရှာဖွေမှုအရ ငါးမှုန့်ကြော်နှင့် အာလူးကြော်များ ထည့်ထားသည့် စက္ကူဖာသေတ္တာ ၂ လုံးအတွင်း ဝှက်ယူသယ်ဆောင်လာသော ထိုင်းဘတ်ငွေ ၁,၀၀၀ တန် သီးသန့် စုစုပေါင်း ဘတ် ၂၃,၀၂၃,၀၀၀ (၂၃ သန်းကျော်) ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေခံပစ္စည်းများကို သိမ်းဆည်းကာ ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုသို့ ပြုလုပ်ခြင်းသည် ထိုင်းနိုင်ငံတော်အတွင်းမှ ပြည်ပသို့ ထိုင်းငွေကြေးများအား အကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း ဖြတ်သန်းဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင် မှောင်ခိုထုတ်ယူရန် ကြိုးပမ်းခြင်းဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် အကောက်ခွန်အက်ဥပဒေ နှင့် ၁၉၄၂ ခုနှစ် ငွေလဲလှယ်မှုထိန်းချုပ်ရေးအက်ဥပဒေတို့အရ ပြစ်မှုမြောက်ကြောင်း သိရပြီး လက်ရှိတွင် ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားအား လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Ref : CH 7, Thaicrime Online



