၂၆.၆.၂၀၂၆
Translated by Htwe Ko Tun
ဗင်နီဇွဲလားနိုင်ငံတွင် ရာစုနှစ်တစ်ခုကာလအတွင်း အပြင်းထန်ဆုံးလည်းဖြစ်သည့် ဇွန်လ ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သောအင်အားပြင်း ငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၂၃၅ ဦး အထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရသူများမှာလည်း ၁,၅၂၀ ကျော်ရှိခဲ့ပြီဟု ကျန်းမာရေးဝန်ကြီး ကားလို့စ် အယ်လ်ဗာရာဒိုက ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် ပြောခဲ့သည်။
အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ပြီးနောက် မြို့တော်ကာရာကာ့စ်တွင် အဆောက်အအုံများပြိုကျမှုများကို အများအပြားတွေ့ရှိရပြီး ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်နေနိုင်သူများကို ရှာဖွေနေကြဆဲဖြစ်ရာ သေဆုံးသူအရေအတွက်မှာလည်း ယခုထက် များစွာ တိုးမြင့်လာနိုင်သေးသည်ဟု ခန့်မှန်းကြသည်။
ကာရာကာ့စ်တွင် ပြိုကျ အပျက်အစီး အပုံလိုက်အများအပြားကို တွေ့နေရပြီး အဆောက်အအုံမည်မျှ ပြိုကျပြီး မည်မျှထိခိုက်ခဲ့သည်ကိုမူ အာဏာပိုင်များအနေနှင့် မပြောကြားနိုင်သေးပေ။ သို့သော် ငလျင်ကြောင့် ကာရာကာ့စ်မြို့နှင့် အနီးရှိ လာဂွေရာပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှု အများပြားဆုံးဟုဆိုကြသည်။
ကြားဖြတ်သမ္မတ ရိုဒရီဂွက်ဇ်က လာဂွေရာပြည်နယ်အတွင်းတွင်မူ အဆောက်အအုံ ၂၅၀ ခန့် ထိခိုက်ပျက်စီး (သို့မဟုတ်) ပြိုကျခဲ့ကြောင်း ပြောခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံတွင် အဆောက်အအုံများတည်ဆောက်ရာ၌ အများစုမှာ ငလျင်ဒဏ်ခံနိုင်မှုအပေါ် ထည့်သွင်းစဉ်းစားခြင်းမရှိကြ၍ ဤသို့ အဆောက်အအုံများစွာ ထိခိုက်ပျက်စီးရခြင်းဟုဆိုကြသည်။
Ref -AP



