၂၆.၆.၂၀၂၆
Written by Linn Eain
၃၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံဧရာအဝေးပြေးကွင်းအနီး ကားရပ်နားစခန်းတွင် ယနေ့ ဇွန် ၂၆ ရက် နံနက် ၈ နာရီက စတင်ပြုလုပ်ခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင် မူးယစ်ဆေးဝါးအမျိုးအမည် စုစုပေါင်း ၃၁ ခုခန့်၊ ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် သန်းပေါင်း ၁၁၇၆၀၅၆ ဒသမ ၇၁၂ ကျပ်သန်း၊ အမေရိကန်ဒေါ်လာအနေဖြင့် သန်းပေါင်း ၃၂၁ ဒသမ ၃၂ သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဒီနေ့ မီးရှို့ဖျက်ဆီးမယ့် အဆိုပါ မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အား အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့် ကျင့်သုံး၍ မီးရှို့ ဖျက်ဆီးခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုမူးယစ်ဆေးဝါးများသည် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသည့် အမှုများအနက် အမှု ( ၂၇၇၉ ) မှုမှ သက်သေခံပစ္စည်း မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။
အဆိုပါမှုများမှ သက်ဆိုင်ရာ တရားရုံးအသီးသီးက ဖျက်ဆီးစေရန်အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သို့ ပေးပို့စေဟု အမိန့်ချမှတ်ခဲ့ပြီး တရားရုံးအမှုပြီးပြတ်၍ ပေးပို့လာသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ (၁) ဘိန်းဖြူ ၃၄၄ ဒသမ ၆၀၂၆၄ ကီလို၊ (၂) စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၃၇၁၈၉၁ ဒသမ ၇၅ ပြား၊ (၃) စိတ်ကြွအကျိုးအကြေ ၀ ဒသမ ၀၀၀၂ ကီလို၊ (၄) အိုက်စ် ၂၈၁၄ဝ ဒသမ ၁၉၀၈ ကီလို၊ (၅) ဆေးခြောက် ၉၅၄ ဒသမ ၈၀၀၆၅ ကီလို၊ (၆) ဘိန်းဆီခဲ ၂၅ ဒသမ ၆ဝ၉၆၄ ကီလို၊ (၇) ဘိန်းစာရွက် ၂၉၇ ဒသမ ၇၈ဝ၉၇ ကီလို၊ (၈) ဘိန်းစာမှုန့် ၂၆၃ ဒသမ ၇၃၆၂၂ ကီလို၊ (၉) ဘိန်းစာရည် ၅၉ ဒသမ ၇၄၇၅ လီတာ၊ (၁၀) ဘိန်းညိုမှုန့်၊ ၈၆၄ ဒသမ ၄၁၃၅၅ ကီလို၊ (၁၁) အက်တက်စီဆေးပြား ၉၈၂၁ ပြား၊ (၁၂) အက်တက်စီအကြေ ဝ ဒသမ ၀ဝ၉၈ ကီလို၊ (၁၃) ဒိုင်ယာဇီပမ်ဆေးပြား ၂၆၃၉၁၉ ပြား၊ (၁၄) ဒိုင်ယာဇီပမ်ထိုးဆေး ၁၁၇၆ ပုလင်း၊ (၁၅) အယ်ပရာဇိုလန်ဆေးပြား ၂၈၃၉၅၂ ဒသမ ၅ ပြား၊ (၁၆) ထရာမဒေါလ်ဆေးတောင့် ၁၅၂၇၆၈ တောင့်၊ (၁၇) ထရာမဒေါလ်ထိုးဆေး ၄၇၄ ပုလင်း၊ (၁၈) ကတ်တမင်း ၇၁၁၇ ဒသမ ၇၇၄၈ ကီလို၊ (၁၉) ကတ်တမင်းထိုးဆေး ၉၆၂ ပုလင်း၊ (၂ဝ) ဟက်ပီးဝါးတား( Happy Water ) ၅၁ ဒသမ ၃၄၆၇ ကီလို၊ (၂၁) ဟက်ပီးဖိုက်ဆေးပြား (Happy-5) ၅၉၀ ပြား၊ (၂၂) အီရီမင်ဖိုက်ဆေးပြား (Erimin-5) ၂၀၂၈၈ ပြား၊ (၂၃) မက်သာဒုန်း ၀ ဒသမ ဝ၁ ကီလို၊ (၂၄) ဟိုက်ဒရိုဂျင်ကလိုရစ်အက်ဆစ် ၁၁၇၅ ဒသမ ၁၂၅ လီတာ (၂၅) အက်စီတုန်း (Acetone) ၉၅၉ ဒသမ ၈၅ လီတာ (၂၆) အီသိုင်းအီသာ (Ethyl Ether) ၆ ဒသမ ၈၉၅ လီတာ (၂၇) ဆိုဒီယမ်ဆိုင်ရာနိုက် (Sodium Cyanide) ၂၉ ဒသမ ၉၉၉၈ ကီလို၊ (၂၈) တော်လူအင်း(Toluene) ၅၇၄၇ ဒသမ ၂ လီတာ၊ (၂၉) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (Hydrogen Peroxide) ၁၃၂ ဒသမ ၆၂၅ ကီလို (၃၀) နိုက်ထရစ်အက်ဆစ် (Nitric Acid) ၅၈၅ ဒသမ ၁၅ လီတာ၊ (၃၁) ဖော်မယ်ဒီဟိုက် ၈၀၈ ဒသမ ၅ လီတာတို့ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန် မှာကြားချက်အရ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေ ၃၀ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု (၄၂၀) မှုမှ တရားခံ (၅၆၂) ဦး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။









