သက်တံ့
၂၆. ၆. ၂၀၂၆
ဥရောပရှိ ဂူနံရံမျက်နှာပြင်များသည် လူသားတို့၏ မျိုးဗီဇအကြွင်းအကျန်များကို နှစ်ပေါင်းထောင်ချီကြာအောင် ထိန်းသိမ်းထားနိုင်ကြောင်း ပထမဆုံးအကြိမ် သက်သေပြနိုင်ခဲ့သည့် ရှာဖွေတွေ့ရှိမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး စပိန်၊ ပေါ်တူဂီ၊ ယူကေ၊ ဂျာမနီနှင့် တရုတ်နိုင်ငံတို့မှ ပညာရှင်များ ပါဝင်သော နိုင်ငံတကာ သုတေသီအဖွဲ့တစ်ဖွဲ့သည် ပေါ်တူဂီနှင့် စပိန်နိုင်ငံရှိ ဂူနံရံများပေါ်တွင် အနည်းဆုံး သက်တမ်းအနှစ် ၂,၀၀၀ ရှိပြီဖြစ်သော ရှေးဟောင်းလူသား DNA နမူနာ ၅ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ‘နေချာ ကွန်မြူနီကေးရှင်း’ (Nature Communications) ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ဤသုတေသနသည် ဟွန်တာ ဒီ အက်စထရီမာဒူရာ (Junta de Extremadura) ၏ ယဉ်ကျေးမှုအမွေအနှစ်ညွှန်ကြားမှုဦးစီးဌာန၊ ရှေးဟောင်းသုတေသနကဏ္ဍ အကြီးအကဲ ဟီပိုလီတို ကော်လျာဒို (Hipólito Collado) ဦးဆောင်သည့် FIRST ART စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သုတေသနအဖွဲ့သည် ဂျာမနီနိုင်ငံရှိ မက်စ်ပလန့်ခ် တိုးတက်ပြောင်းလဲလာမှုဆိုင်ရာ လူသားဗေဒသိပ္ပံအဖွဲ့ (Max Planck Institute for Evolutionary Anthropology) နှင့် ပူးပေါင်းကာ အိုင်ဘီရီယန်ကျွန်းဆွယ်ရှိ ဂူ ၁၁ ဂူမှ ဂူနံရံပန်းချီချပ်ပေါင်း ၂၄ ချပ်ကို အဓိကထား၍ အဆင့်မြင့် DNA ထုတ်ယူခြင်းနှင့် အစီအစဉ်ချခြင်း (sequencing) နည်းပညာများဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

ယခင်က ရှေးဟောင်း DNA ကို အရိုး၊ အနည်ကျအလွှာ သို့မဟုတ် ရှေးဟောင်းကိရိယာများမှသာ ထုတ်ယူလေ့ရှိသော် လည်း ယခုအခါ ဂူနံရံများမှ တိုက်ရိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တွေ့ရှိမှုမှာ ပေါ်တူဂီနိုင်ငံ အက်စကိုရယ်လ် (Escoural) ဂူရှိ ဆေးရောင်ပါသော ကယ်လ်ဆိုက် (Calcite) အပေါ်ယံအလွှာတွင် ရှေးဟောင်းလူသား DNA ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နှိုင်းယှဉ်စစ်ဆေးရန် သန့်စင်သောနမူနာ (Negative controls) အဖြစ် ကနဦး ရယူထားခဲ့သည့် အက်စကိုရယ်လ်ဂူနှင့် စပိန်နိုင်ငံ အက်စတူးရီးယားရှိ ကိုဗာရွန် (Covarón) ဂူတို့မှ ဆေးရောင်မပါသော ဂူနံရံနေရာအများအပြားတွင်လည်း ရှေးဟောင်းလူသား DNA ကို ရှာဖွေတွေ့ရှိခဲ့သည်။ ပြန်လည်ရရှိခဲ့သည့် DNA နမူနာ ၅ ခုအနက် ၃ ခုမှာ အမျိုးသမီးများထံမှဖြစ်ပြီး ၁ ခုမှာ အမျိုးသားတစ်ဦးထံမှ ဖြစ်ကာ ကျန် ၁ ခုမှာမူ မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်ခဲ့ပေ။

“တွေ့ရှိရတဲ့ DNA အစအနတွေနဲ့ ဂူနံရံပန်းချီတွေကို ဖန်တီးခဲ့မှုအကြား တိုက်ရိုက်ဆက်စပ်မှုကို မပြသနိုင်သေးပေမဲ့ ဒါဟာ ဂူနံရံတွေပေါ်မှာ လူသား DNA တွေ နှစ်ပေါင်းထောင်ချီကြာအောင် တည်ရှိနေနိုင်တယ်ဆိုတဲ့ ပထမဆုံး သက်သေအထောက်အထားပါပဲ” ဟု မက်စ်ပလန့်ခ်သိပ္ပံအဖွဲ့မှ အဓိကစာတမ်းပြုစုသူ အယ်လ်ဘာ ဘိုဆွန်စ် မေဆာ (Alba Bossoms Mesa) က ပြောကြားခဲ့သည်။
ဤတွေ့ရှိချက်သည် ရှေးဟောင်းမျိုးဗီဇဗေဒ (Archaeogenetics) ကဏ္ဍတွင် နယ်ပယ်သစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပြီး နောင်အနာဂတ်တွင် ဂူနံရံများရှိ ရှေးဟောင်းသုတေသနဆိုင်ရာ အနည်ကျအလွှာများကို မပျက်စီးစေဘဲ ထိုဂူများအတွင်းသို့ ဝင်ရောက်ခဲ့သူများ၏ ဇီဝဗေဒဆိုင်ရာ လိင်အမျိုးအစား၊ မျိုးရိုးဗီဇနှင့် ရွှေ့ပြောင်းသွားလာမှုပုံစံများကို ဖော်ထုတ်နိုင်ရန်နှင့် ဂူနံရံပန်းချီဖန်တီးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းစစ်ဆေးရန်အတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။
Ref : Xinhua & The Objective

