၂၆. ၆.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာတွင် ထမင်းအိုးတည်သည့် မီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှု ဇွန်လ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဥ်မှာ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း၊ မြေစိုက်တစ်ထပ်နေအိမ်၏ မီးဖိုချောင်မှ စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ကာ အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးသက်လွင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဇွန်လ ၂၃ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်ကလည်း မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ကံကော်မြိုင်ကျေးရွာ၊ နယ်မြေ(၂)တွင် ဘုရားစင်မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့သည်။



