နေမိုး
၂၆. ၆. ၂၀၂၆
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး တစ်ဖက်နိုင်ငံမှပစ္စည်းများကို တရားမဝင်တင်သွင်းခြင်း၊ မိမိနိုင်ငံမှအဖိုးတန်သယံဇာတများကိုလည်း တစ်ဖက်နိုင်ငံသို့ ခိုးထုတ်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှရရှိမည့်အခွန်အခများ၊ ဘဏ္ဍာများကို များစွာဆုံးရှုံးနစ်နာရသည်ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက မော်လမြိုင်တပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုရွေးချယ်ကာ နိုင်ငံ၏နယ်မြေဒေသအချို့တွင် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကာ အကြမ်းဖက်သမားများကို တရားဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ကြောင့် ပြည်သူတစ်ရပ်လုံးမှ လိုလားတောင့်တသည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီရရှိရေးအတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကျင်းပပေးကာ ပြည်သူလူထု၏ သဘောဆန္ဒအလျောက် ကြိုက်နှစ်သက်ရာပါတီများကို ဆန္ဒမဲများပေးခြင်းဖြင့် အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့ကြောင်း၊ ယခုအခါအစိုးရသစ်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးများကို အစွမ်းကုန် ကြိုးပမ်းအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြောကြားသည်။
ထို့အပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးများကို တပ်မတော်က တာဝန်ယူ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်တွင် အင်အားတောင့်တင်းခိုင်မာရမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အား လျော့နည်းလာအောင် ပြည်ပအင်အားကြီး နိုင်ငံအချို့အနေဖြင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အဖွဲ့များအား အားပေးအားမြှောက်ပြုကာ လိုအပ်သည်များ ထောက်ပံ့ပေးခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန်အတွက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်စေရန် အားပေးကူညီခြင်းများ လုပ်ဆောင်နေကြကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF များသည် လူမျိုးရေး၊ အယူဝါဒရေးဟူ၍ ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြောင်းပြကာ လက်နက်ကိုင် လုပ်ဆောင်နေကြသော်လည်း မြေပြင်အမှန်မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ မည်သို့ပင်အကြောင်းပြစေကာမူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရရှိပြီးဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး တစ်ဖက်နိုင်ငံမှပစ္စည်းများကို တရားမဝင်တင်သွင်းခြင်း၊ မိမိနိုင်ငံမှအဖိုးတန်သယံဇာတများကိုလည်း တစ်ဖက်နိုင်ငံသို့ ခိုးထုတ်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှရရှိမည့်အခွန်အခများ၊ ဘဏ္ဍာများကို များစွာဆုံးရှုံးနစ်နာရကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများမှ ရရှိလာသည့်ဝင်ငွေများဖြင့် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် အကြမ်းဖက်အဖွဲ့များသည် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ထည့်သွင်းပြောကြားသည်။
ထိုသို့လုပ်ဆောင်နေမှုများကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုများအား တားဆီးကာကွယ်နှိမ်နင်းခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးအိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါလုပ်ရပ်များကို လုံးဝအမြစ်ပြတ်ပပျောက်သွားစေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ထိထိရောက်ရောက် တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆက်လက်ပြောကြားသည်။
