


၂၅.၆.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ ချီကာဂိုစားသောက်ဆိုင်အနီးတွင် ယနေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ဆိုင်ကယ်နှစ်စီးတိုက်မိရာမှ လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
တောင်ငူဘက်မှ ရန်ကုန်ဘက်သို့လာသည့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦး စီးနင်းလာသော ဆိုင်ကယ်နှင့် ဖြတ်ကွေ့လာသော ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကောင်လေးတွေက ၁၇၊ ၁၈လောက်ပဲရှိမယ်။ ဆုံးသွားတဲ့ကောင်လေးကတော့ ဖြတ်တိုက်ခံရတဲ့ အရှိန်နဲ့ တရွတ်တိုက်လွင့်ထွက်သွားတာ။ နောက်တစ်ယောက်ကတော့ ဒဏ်ရာမရရှိပါဘူး”ဟုဒဏ်ရာရရှိသူ လူငယ်ကို သွားရောက်ကူညီခဲ့သည့် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း တည်ထောင်သူ ဆရာတော် ဦးတေဇသီရိက မိန့်သည်။
ဆိုင်ကယ်တိုက်မှုကြောင့် အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း (၂)ရပ်ကွက်တွင် နေထိုင်သော မောင်အောင်ကျော်ကျော်တွင် ဦးခေါင်းထိခိုက် နားထဲမှ သွေးထွက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူကို ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းမှအသင်းဝင် ၃ ဦးက သူနာတင်ယာဥ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သော်လည်း လူနာမှာ စိုးရိမ်ရသဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ ကမ်းမယ့်လက်များ လူမှုအသင်းမှ ဆက်လက်ပို့ဆောင်ကူညီပေးခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၇ ရက် ည ၇ နာရီခွဲအချိန်ကလည်း အုတ်တွင်းမြို့နယ်၊ (၈၈)သစ်စက်လမ်း သစ်စက်ဝန်းမရောက်မီ ကျေးရွာများသို့ သွားရန်ဆက်သွယ်ထားသောလမ်း၌ လယ်ထွန်စက်နှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
