◾ MSME လုပ်ငန်းရှင်များက ကုန်ကြမ်းများလိုအပ်ချက်ရှိသည်ဟု တင်ပြကြသဖြင့် လိုအပ်ချက်ရှိသည့် အရေးကြီးသည့်ကုန်ကြမ်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းပါ ပြောကြား
သက်တံ့
၂၅. ၆. ၂၀၂၆
စီးပွားရေးကောင်းလာမွန်မည်ဆိုပါက နိုင်ငံတော်ကိုကာကွယ်လိုသည့် စိတ်ဓာတ်များလည်း မြင့်မားလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။
အစည်းအဝေးတွင် ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတစ်ခုတွင် စီးပွားရေးအား ကောင်းမွန်မှသာ နိုင်ငံတည်ငြိမ်မှုရှိမည်ကို ဖြတ်သန်းလာခဲ့ရသည့် အတွေ့အကြုံများ နှင့် အခြေအနေများအရသိရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သဖြင့် စီးပွားရေး မောင်းနှင်အား ကောင်းမွန်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဓိကအားဖြင့် အရင်းအနှီး နည်းနည်းဖြင့် အရေအတွက်များများ ဆောင်ရွက်နိုင်သည်မှာ MSME လုပ်ငန်းများဖြစ်ပြီး အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက တိုင်းပြည်၏စီးပွားရေးအတွက် များစွာအထောက်အပံ့ ပေးနိုင်ခြင်းကြောင့် MSME လုပ်ငန်းကို အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိကပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံ၏ စီးပွားရေးကိုအားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်၊ တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများ တိုးမြှင့်ရရှိရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် GDP နည်းပါးကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန် ထုတ်လုပ်မှုကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို MSME လုပ်ငန်းများဖြင် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ပြီး တစ်ဦးချင်းဝင်ငွေများရရှိကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်ဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်လာကာ နိုင်ငံ၏ GDP တိုးတက်စေရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြည်ပသွင်းကုန်များကို အများအားဖြင့် တင်သွင်း ဆောင်ရွက်ကြရပြီး မိမိတို့အနေဖြင့်လည်း ပြည်ပမှသွင်းကုန်များကို နှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ကုန်သွယ်မှုလိုငွေများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းသုံးစွဲမှု ဖူလုံပြီး ပြည်ပသို့လည်းတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဈေးကွက်လိုအပ်ချက်ရှိသည့် ထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက ပစ္စည်းပိုကောင်းရမည်ဖြစ်ကြောင်း၊ ပို့ကုန်များ တိုးတက် များပြားလာပါက နိုင်ငံခြားလိုငွေများ နည်းပါးလာပြီး နိုင်ငံ၏ဝင်ငွေနှင့် ထွက်ငွေများ မျှတလာမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပိုလျှံငွေများဖြစ်ပေါ်လာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများသည် နိုင်ငံအတွက်အရေးပါသည့် စီးပွားရေး မောင်းနှင်အားတစ်ခု ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဒီမိုကရေစီပထမစိုးရသက်တမ်းကာလတွင် SME လုပ်ငန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် MSME လုပ်ငန်းအဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ကြောင်း၊ SME လုပ်ငန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ဆောင်ရွက်လျက် ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ဗဟို ကော်မတီကို မိမိကိုယ်တိုင်ဦးဆောင်၍ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊အဓိကအားဖြင့် MSME လုပ်ငန်းသည် နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရန်အတွက် မည်ကဲ့သို့ ပြုပြင်ဆောင်ရွက်မည်၊ မည်ကဲ့သို့ ကောင်းအောင်ဆောင်ရွက်မည်ဆိုသည့် စိတ်များရှိရန်လိုကြောင်း၊ စီးပွားရေးအား ကောင်းအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း မိမိတို့တိုင်းပြည်အပေါ် ယုံကြည်ကိုးစားမှုများ ဖြစ်ပေါ်လာပြီး နိုင်ငံကိုချစ်သည့်စိတ်၊ နိုင်ငံတော်ကိုကာကွယ်လိုသည့်စိတ်များ ရှိလာ မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားများ ရှိလာမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မည်ဆိုပါက နိုင်ငံတော်ကိုကာကွယ်လိုသည့် စိတ်ဓာတ်များလည်း မြင့်မားလာမည်ဟု ပြောကြားလိုကြောင်းလည်း နိုင်ငံတော်သမ္မတက ထပ်ဆင့် ပြောကြားသည်။
ထို့အပြင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်ပြီး လူသားအရင်းအမြစ်များ များစွာရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍ၊ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းကဏ္ဍနှင့်ဆက်နွယ်နေသည့် လုပ်ငန်းများကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများကို မြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ အဓိက ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှု မြင့်မားလာစေရေးနှင့် စွမ်းအားပြည့်ထုတ်လုပ်နိုင်စေရေး မဖြစ်မနေ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊စိုက်ပျိုးမွေးမြူရေးထွက်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် ဝင်ငွေကိုပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထိုသို့ တန်ဖိုးမြှင့် Value added ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် MSME လုပ်ငန်းများဖြင့်ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောပစ္စည်းများထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
MSME လုပ်ငန်းများတွင် အဓိကအားဖြင့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်၍ MSME လုပ်ငန်းများ တိုးတက်စေရေး တွေ့ဆုံ ဆွေးနွေးပွဲများကို အကြိမ်ပေါင်း ၄ဝ ကျော်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ သွားရောက်ချိန်တွင် MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများလိုအပ်ချက်ရှိသည်ဟု တင်ပြကြကြောင်း၊ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် မိမိတို့ဒေသတွင်းနှင့် ပြည်တွင်း၌ရှိပြီးဖြစ်သည့် ကုန်ကြမ်း ပစ္စည်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းသည် အသေချာ ဆုံးသော ကုန်ထုတ်လုပ်ငန်းပင်ဖြစ်ကြောင်း၊ လိုအပ်ချက်ရှိပါကလည်း အရေးကြီးသည့်ကုန်ကြမ်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သွင်းအားစုတွင် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား များ ပါဝင်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီနှင့် ပတ်သက်၍ လိုအပ်ချက်ရှိသော်လည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ပတ်သက်၍လည်း နိုင်ငံတော်မှလျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိသည့်ဒေသများတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ကျောက်မီးသွေး စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်နိုင်ကြောင်း ဆက်လက် ပြောကြားသည်။
