သက်တံ့
၂၄. ၆. ၂၀၂၆
ဆယ်ကျော်သက်လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားရာက Grade – 6 ကျောင်းသားတစ်ဦး လည်ပင်းဓားထိုးခံရပြီး သေဆုံးခဲ့မှု မနေ့ကဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယဉ်တော်စံကျေးရွာက အခြေခံပညာမူလွန်ကျောင်းရှေ့ဓာတ်တိုင်အနီးမှာ အသက် ၁၅ နှစ်အရွယ် Grade – 6 ကျောင်းသား မောင်ထူးထက်အောင်ကို ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ(၁)ချက် (စိုးရိမ်ရ)နဲ့ သွေးထွက်ပြီး လဲကျနေတာကို တွေ့ရှိရတာကြောင့် ဒဏ်ရာရှိသူကို ဒေသခံ လူမှုကူညီရေးအသင်းက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ချိန် လမ်းမှာသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
လူငယ်တစ်ဦး ဓားနဲ့အထိုးခံရတယ်လို့ သတင်းရရှိတာကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ ဓားနဲ့ ထိုးခဲ့သူ မောင်မောင်တိုး(ခ)ငတိုး၊ ၁၄ နှစ် ယဉ်တော်စံကျေးရွာ၊ အမှတ်(၄)ရပ်ကွက်၊ ဓနုံးကျေးရွာအုပ်စု၊ အမရပူရမြို့နယ်မှာ နေထိုင်တဲ့သူကို အခင်းဖြစ်နေရာအနီးမှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အရိုးအသွား(၉) လက်မခန့်ရှိ ဓားနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် အမှုဖွင့်အရေး ယူနိုင်ရေးဆောင်ရွက်နေတယ်လို့ မန္တလေးမြို့ခံ VOM သတင်းဌာနက ဖော်ပြထားပါတယ်။
မောင်မောင်တိုးဟာလည်း Grade – 6 ကျောင်းသားဖြစ်ပြီး သေဆုံးသူ မောင်ထူးထက်အောင်နဲ့ အတန်းဖော်ဖြစ်တယ်လို့လည်း ကနဦး စုံစမ်းသိရသလို ဖြစ်စဥ်ကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
