၂၄.၆.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားအလွှာ ၁၀ လွှာအတွက် ၁၈ ကြိမ်မြောက် ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေကို လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ စတင်ပြီး ထုတ်ဝေလှူဒါန်းပေးမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ကိုယ့်ရုပ်ရှင်လောကသား အလွှာ ၁၀ လွှာရှိပါတယ်။ ဒီအလွှာ ၁၀ လွှာကို နေ့ရက်အလိုက် ကျွန်တော်တို့ ဆန်၊ ဆီ၊ ကုလားပဲ စတဲ့ အခြေခံစားသောက်ကုန်တွေကို မကြာမကြာ ထုတ်ဝေလှူဒါန်းပေးနေတာပါ။ ကိုဗစ်ကာလမတိုင်ခင် အရင်တုန်းကတည်းက လှူခဲ့ပေမယ့် ကိုဗစ်ကာလက စရေတွက်ရင်တော့ ၁၈ ကြိမ်မြောက်ရှိပါပြီ။ ကိုယ့်လောကသားတွေက တကယ်လိုအပ်နေတဲ့ သူတွေကို မိုးတွင်းကာလမှာ ရိုက်ကူးရေးတွေ နားနေတာရှိရင် စားသောက်ဖို့ အနည်းငယ် ဖူလုံနိုင်ဖို့အတွက် လှူဖြစ်တာပါ။ တချို့ အဆင်ပြေနေတဲ့အလွှာ တချို့ကသူတွေကတော့ မထုတ်ကြပါဘူး။ တကယ်လိုအပ်နေတဲ့ သူတွေက လာထုတ်ကြတယ်။ ဒီလိုမျိုး ကျွန်တော်တို့ လှူဒါန်းနိုင်ဖို့လည်း ကိုယ့်လောကသားတွေအပြင် စေတနာရှင်တွေ ပါဝင်လှူဒါန်းကြတာလည်း ရှိပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကလည်း နိုင်သလောက်ပါဝင်လှူကြတာ ရှိပါတယ်။ ဒီအလှူတွေနဲ့ ပြန်လည်ထုတ်ဝေလှူဒါန်းသွားမှာပါ ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။



အဆိုပါ အလွှာအလိုက်လှူဒါန်းမှုက ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းမှာ အုပ်ချုပ်/ဖြန့်ချိ အလွှာ၊ ဗီဒီယိုအလွှာနဲ့ ဇာတ်ညွှန်းအလွှာ၊ ပြဇာတ်နှင့်ရုပ်ရှင်နောက်ခံတေးဂီတအလွှာ၊ နေ့လယ်ပိုင်းမှာ အဓိကသရုပ်ဆောင်အလွှာ၊ ဒါရိုက်တာအလွှာ၊ ထုတ်လုပ်သူအလွှာနဲ့ တည်းဖြတ်အလွှာတို့ကို ဆန်၊ ဆီ၊ ကုလားပဲ၊ ငါးသေတ္တာ စတာတွေကို ပေးအပ်လှူဒါန်းမှာလည်းဖြစ်ပါတယ်။
ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းမှာ စက်မှုအလွှာ(၇၀၀၂- ၇၅၀၀)နဲ့ နေ့လယ်ပိုင်းမှာ စက်မှုအလွှာ(၇၅၀၁- ၁၇၀၅၆) ၊ ဇူလိုင် ၃ ရက် နံနက်ပိုင်းမှာ ဇာတ်ပို့/ ဇာတ်ရံအလွှာ (၄၀၀၂-၄၅၀၀) နဲ့ နေ့လယ်ပိုင်းမှာ ဇာတ်ပို့/ဇာတ်ရံ အလွှာ( ၄၅၀၁- ၁၄၀၃၉) အထိ ထုတ်ဝေလှူဒါန်းပေးမှာလည်းဖြစ်ပါတယ်။
လာရောက်ထုတ်ယူသူ ရုပ်ရှင်လောကသားတွေအနေနဲ့ လက်ရှိသက်တမ်းရှိ အစည်းအရုံးဝင် ကတ်ပြား (အပြာ)နဲ့ ကိုယ်တိုင်ထုတ်ယူရမှာဖြစ်ပြီး မိသားစုဝင်မှအပ ကိုယ်စားထုတ်ပေးမှာမဟုတ်ကြောင်း သိရပါတယ်။ ကျန်းမာရေးကြောင့်ဖြစ်ဖြစ် တခြားအကြောင်းခိုင်လုံပါက ကိုယ်စားထုတ်ယူခွင့် လျှောက်လွှာတင်ရမှာဖြစ်ပြီးတော့ မိသားစုဝင်ဖြစ်ပါက အိမ်ထောင်စုစာရင်း(မိတ္တူ)တစ်ပါတည်းယူဆောင်လာမယ်လို့ သိရပါတယ်။
#ဦးအေးကြူလေး #UAyeKyuLay #၁၈ကြိမ်မြောက် #ရုပ်ရှင်လောကသားတွေ #MMPA #အခြေခံစားသောက်ကုန် #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး





