သက်တံ့
၂၄. ၆. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်သည် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဟွန်ဆန်သည် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ဘုရင့်အတိုင်ပင်ခံကောင်စီဝင် တာဘန် (Tea Banh) နှင့်အတူ လွှတ်တော်နှင့် အစိုးရပိုင်းမှ အဆင့်မြင့်အရာရှိကြီးများလည်း လိုက်ပါသွားကြမည်ဖြစ်သည်။
ခရီးစဉ်အတွင်း ဟွန်ဆန်သည် လက်ရှိအချိန် တရုတ်နိုင်ငံ၌ ကျန်းမာရေးစစ်ဆေးရန် ရောက်ရှိနေသည့် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမိုနီ (King Norodom Sihamoni) နှင့် မယ်တော်ကြီး နိုရိုဒွန် မိုနီးနတ် သီဟာနု (Queen Mother Norodom Monineath Sihanouk) တို့ကိုလည်း သွားရောက်ဂါရဝပြုမည်ဖြစ်သည်။
ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြားရှိ “အလွန်ခိုင်မာသော ချစ်ကြည်ရေး” (Ironclad Friendship) ကို ပိုမိုအားကောင်းလာစေရန်နှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်အတန်းကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref : Khmer Times
