၂၃.၆.၂၀၂၆
Translated by Htwe Ko Tun
ဥရောပတွင် အပူလှိုင်းပြင်းထန်စွာ တိုက်ခတ်နေချိန်၌ ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ရပ်ထားသော ကားတစ်စီးအတွင်း အသက်နှစ်နစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးနေသည်ကို ဇွန်လ ၂၂ ရက်က တွေ့ရှိခဲ့ကြသည်။
ဥရောပတိုက်၏ နေရာအများစုတွင် ယခုအခါ စံချိန်တင်မြင့်မားသော အပူချိန်များ ခံစားနေရပြီး အမျိုးသားအာဏာပိုင်များက သက်ရောက်မှုကို လျှော့ချရန် အရေးပေါ်အစီအမံများ ချမှတ်နေချိန်တွင် ဇွန်လ ၂၂ ရက်က ပြင်သစ်နိုင်ငံ၊ တောင်ပိုင်းမြို့ ကာပင်ထရာစ် Carpentras ရှိ ကားရပ်နားရာနေရာတွင် ၎င်းတို့၏ မိသားစုကားအတွင်း ကလေးနှစ်ဦးကို အပူဒဏ်ကြောင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးသူများက အပူလှိုင်းသည် ကလေးများ သေဆုံးမှုအတွက် အဖြစ်နိုင်ဆုံးအကြောင်းရင်းဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြသည်။ အာဏာပိုင်များက ၎င်းတို့သည် ကလေးများ၏ မိခင်ကိုလည်း ပြုစုစောင့်ရှောက်ပေးခဲ့ပြီး မေးမြန်းခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
ဥရောပတွင် တိုက်ခတ်ခဲ့သော နောက်ဆုံးအပူလှိုင်းကြောင့် ပြင်ပပွဲများ ဖျက်သိမ်းခြင်း၊ သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်ဖြစ်ခြင်း၊ ကျောင်းများ ပိတ်ခြင်းနှင့် ရုံးဝန်ထမ်းများကို အိမ်မှအလုပ်လုပ်ရန် ပြောကြားခဲ့ပြီး အာဏာပိုင်များက သက်ကြီးရွယ်အိုများနှင့် အားနည်းသူများကို ကာကွယ်ရန် ကျန်းမာရေးသတိပေးချက်များလည်း ထုတ်ပြန်ခဲ့သည်။
သိပ္ပံပညာရှင်များက အပူလှိုင်းများ ထပ်ခါတလဲလဲဖြစ်ပေါ်ခြင်းသည် ကမ္ဘာကြီးပူနွေးလာမှု၏ ရှင်းလင်းသော လက္ခဏာတစ်ခုဖြစ်ကြောင်း ပြသခဲ့ပြီး ၎င်းတို့သည် ပို၍မကြာခဏဖြစ်လာကာ၊ ပိုမိုကြာရှည်ပြီး ပိုမိုပြင်းထန်လာမည်ဟု သတိပေးထားကြသည်။
ပြင်သစ်နိုင်ငံ၏ ပျမ်းမျှအပူချိန်သည် ဇွန်လအတွက် စံချိန်တင်ခဲ့ကြောင်း မိုးလေဝသခန့်မှန်းရေးဌာန Meteo-France က ပြောကြားခဲ့ပြီး အလွန်အမင်းပူပြင်းမှုကြောင့် ကျောင်းပေါင်း ၁,၃၅၀ ကျော်ကို ပိတ်ခဲ့ရသည်။
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမြို့ ဘော်ဒိုးတွင် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်နှင့် မြို့တော်ပါရီတွင် ၃၉ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည်ဟု Meteo-France က ခန့်မှန်းထားသည်။
စပိန်နိုင်ငံ၏ မြို့တော် မက်ဒရစ်တွင်လည်း ဇွန်လ ၂၂ ရက်က အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ရာ မြို့တော်ခန်းမတွင် အိုးမဲ့အိမ်မဲ့များနှင့် အားနည်းသူများအတွက် ရာသီဥတုခိုလှုံရာနေရာတစ်ခုကို မွန်းတည့်ချိန်မှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားပြီး ရေ၊ အစားအစာနှင့် သန့်ရှင်းရေးပစ္စည်းများ ပံ့ပိုးပေးထားကြောင်း သိရသည်။
ဗြိတိန်နိုင်ငံတွင်လည်း မိုးလေဝသဌာနက အပူလွန်ကဲမှုအတွက် ရှားရှားပါးပါး အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အမျိုးသားရာသီဥတုအေဂျင်စီ၏ အမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်ကာ အသက်ဘေးအန္တရာယ်စိုးရိမ်ရသလို လမ်းများနှင့် ရထားလမ်းများကဲ့သို့သော အဓိကအခြေခံအဆောက်အအုံများ ပိတ်သိမ်းနိုင်ခြေကို ညွှန်ပြနေခြင်းလည်းဖြစ်သည်။ နိုင်ငံတွင်း ဇွန်လ ၂၃ ရက် နှင့် ဇွန်လ ၂၄ ရက်တို့တွင် အပူချိန်များက ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားကြောင်းလည်း သိရသည်။
Ref- AFP
