သတိုး
၂၃. ၆. ၂၀၂၆
တရုတ်နိုင်ငံနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခြင်းမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်အဖြစ် GDP နှစ်ဆခန့်တက်လာရန် မျှော်လင့်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံသို့သွားရောက်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်သတင်းဌာနတစ်ခုဖြစ်သော Phoenix TV နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တရုတ်နှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများအတွင် ဦးမင်းအောင်လှိုင်လက်ထက်တွင် ယွမ်၊ ကျပ် တိုက်ရိုက်ရောင်းဝယ်မြှုပ်နှံမှု စတင်ခွင့်ပြုပေးခဲ့ပြီး ထိုသို့ ယွမ်ငွေနှင့် ရင်းနှီးမြှုပ်နှံခြင်း ခွင့်ပြုပေးမှုအတွက် မြန်မာနိုင်ငံ၏ GDP မည်မျှတိုးတက်လာနိုင်သနည်းဆိုသည့်အပေါ် နိုင်ငံတော်သမ္မတက “GDP ဆိုတာကတော့ အခြေအနေ သုံးရပ်အပေါ် မူတည်ပါတယ်။ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးအပေါ်မှာ မူတည်ပြီး တက်လာတာပါ။ သို့သော် တစ်ခုလုပ်လိုက်တာနဲ့ ဆင့်ကဲဆင့်ကဲပါလာတဲ့ အကျိုးဆက်တွေရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ GDP ကနည်းပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်နယ်အဆင့်ဆိုရင်တောင် ကျွန်တော်တို့နိုင်ငံထက် များပါတယ်။ ကျွန်တော်တို့က ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုကနေ လုပ်တာရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း Produ-ction ကို တိုးချဲ့မှရမယ်။ အဲဒီလိုတိုးချဲ့မှ GDP က တက်လာပါမယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အတွက်ကြောင့် ကဏ္ဍပေါင်းစုံက ထုတ်လုပ်မှုတွေ များလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်။ အဲဒါနဲ့ ဆက်စပ်ပြီး နောက်ဆုံးဝန်ဆောင်မှုမှာ တက်လာမယ်။ ဒါက ထပ်ဆင့်တက်လာမယ့်ကိစ္စ ဖြစ်တဲ့အတွက် မှန်းရခက်ပါတယ်။ နှစ်ဆလောက်တော့ တက်လိမ့်မယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံနဲ့ လက်ရှိရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခြင်းကနေဖြစ်လာမယ့် အကျိုးဆက်က GDP နှစ်ဆလောက် တက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ လုပ်နိုင်ဖို့ပဲလိုတာပါ။ လုပ်နိုင်ဖို့ကိုလည်း ပူးပေါင်းဆောင်ရွက်လုပ်ရပါမယ်။ ဒါကြောင့် ဒီဟာကို ကျွန်တော် အင်မတန်အားထည့်ပြီး ဆောင်ရွက်နေတာပါ”ဟု ဖြေကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုနက်ရှိုင်းစွာဆောင်ရွက်လာနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအတွက် သက်သာသည့် မူဝါဒများ၊၊ ထောက်ပံ့မှုမူဝါဒများနှင့် မြန်မာ့ဈေးကွက်ကို သတိထားမိအောင် ဆောင်ရွက်ရန် စီစဉ်ထားမှုအပြင် နိုင်ငံတကာဈေးကွက်နှင့် အာဆီယံဈေးကွက်တွင် ဝင်ဆံ့မှုအတိုင်းအတာတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် မည်သည့် မူဝါဒများ ချမှတ်ထားပါသလဲဟူသော မေးမြန်းမှုအပေါ် “ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပါတယ်။ ကုန်သွယ်ဖက်မှာလည်း ကျွန်တော်တို့အတွက် အကြီးဆုံးနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုမှာလည်း တရုတ်နိုင်ငံက အများဆုံးနိုင်ငံပါ။ ဒါကို ဆက်လက်ပြီး တိုးချဲ့ဖို့ ရည်ရွယ်တာပါ။ ခင်ဗျားတို့နိုင်ငံမှာ ကြီးမားတဲ့ ဈေးကွက်ကြီးရှိသလိုပဲ ကျွန်တော်တို့ နောက်မှာလည်း လူဦးရေသန်းပေါင်း ၁၄၀၀ ကျော်ရှိတဲ့ ကမ္ဘာမှာ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရှိတယ်။ ပြီးတော့ လူဦးရေသန်းပေါင်း ၁၆၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်။ လူဦးရေ သန်းပေါင်း ၇၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံရှိတယ်၊ ခုနကပြောတဲ့ အာဆီယံနိုင်ငံတွေ တစ်ဆက်တည်းပါ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အရှေ့ဘက်သွားရင် ကမ္ဘောဒီးယား၊ လာအိုတို့ ရှိပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာလုပ်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်၊ နိုင်ငံတကာမှာတော့ ဒေါ်လာငွေကြေး သုံးကြတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအတွက် ယွမ်ငွေကိုလည်း ဥပဒေအရ ပေးထားတယ်၊ လာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ ဗီဇာနဲ့ပတ်သက်ပြီး ကန့်သတ်ချက် လုပ်မထားဘူး၊ အကုန်ဆောင်ရွက်ပေးတယ်၊ One Stop Service တွေ လုပ်ပေးထားတယ်။ အခက်အခဲတွေမဖြစ်အောင်ပါ။ ဥပဒေအရလည်း အကာအကွယ်အကုန်ပေးထားပါတယ်။ ဒါကို နှစ်နိုင်ငံ သဘောတူပြီးသားရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ထွက်လာတဲ့ထုတ်ကုန်ပစ္စည်းတွေကို အနောက်ဘက်ကို သွားမလား၊ အာဆီယံဈေးကွက်ကို သွားမလား၊ ဒီလိုသွားလို့ရတယ်။ အနောက်ဘက်ဆို အိန္ဒိယရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိတယ်၊ ပြီးတော့ ပင်လယ်ရေကြောင်းကနေ သွားလို့ရတဲ့ လမ်းကြောင်းတွေလည်းအများကြီးရှိတယ်၊ ဒါကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်၊ ဥပဒေအရလည်း အကာအကွယ်ပေးထားတယ်။ သို့သော်လည်း သီးခြားတော့ အကာအကွယ်ပေးလို့မရဘူး။ ဥပဒေဆိုတာ အဖွဲ့အစည်းတစ်ခုကို သီးခြားကာကွယ်ပေးလို့ မရပါဘူး။ အကုန်လုံးနဲ့ တူညီတဲ့အခွင့်အရေးပေးရမယ်။ နိုင်ငံပေါင်းများစွာ ဆက်ဆံရတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ လုပ်မယ်ဆိုရင် အောင်မြင်မှုရလိမ့်မယ်၊ တရုတ်နိုင်ငံအတွက်လည်း အထောက်အကူရလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု နိုင်ငံတော်သမ္မတက ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ၏ GDP (Gross Domestic Product) သည် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ယခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၅ ဘီလျံခန့်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာဘီလျံ ၈၀ ခန့်ဖြစ်ပေါ်လာမည် ခန့်မှန်းထားသဖြင့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ယခုသက်တမ်းအတွင်း GDP နှစ်ဆတက်အောင် ကြိုးပမ်းမည်ဆိုပါက ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် GDP ဒေါ်လာ ၁၅၀ ဘီလျံဝန်းကျင် မြင့်တက်ရန်လိုအပ်မည်ဖြစ်သည်။
