၂၃.၆.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ လခ်နောင်းမြို့ကြီး၊ အလီဂန်ဂျ်မြို့နယ်ရှိ သုံးထပ်စီးပွားရေးအဆောက်အအုံတစ်ခုတွင် မြေညီထပ်ရှိ အိမ်မွေးတိရစ္ဆာန်ဆိုင်နှင့် ဆေးခန်းတစ်ခုမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ ဝါယာကြိုးပြတ်တောက်မှုကြောင့် စတင်ခဲ့သည်ဟုယူဆရသော မီးလောင်မှုတစ်ရပ် ဇွန်လ ၂၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကနဦးသတင်းများအရ လေ့ကျင့်ရေးစင်တာတစ်ခု မီးလောင်ကျွမ်းနေကြောင်း သိရပြီးနောက် သွားရောက်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့များက မီးခိုးငွေ့များဖုံးလွှမ်းနေသော အခန်းများနှင့် ရေချိုးခန်းများမှ ကယ်ထုတ်လာသူ ၂၂ ဦးထဲတွင် အသက် ၂၀ ကျော်အရွယ် သေဆုံးသူများ ပါဝင်ခဲ့ပြီး ၎င်းတို့သည် အလျင်အမြန်ပျံ့နှံ့နေသော မီးလျှံများအတွင်း ပိတ်မိနေပုံရကြောင်း သတင်းများက ဆိုသည်။

အဆောက်အအုံအတွင်းရှိ တိရစ္ဆာန်ဆေးကုသရေးဌာနတွင် ပိတ်မိနေသော အိမ်မွေးတိရစ္ဆာန်ခြောက်ကောင်မှာလည်း မီးလောင်မှုအတွင်း သေဆုံးခဲ့သည်။
ကနဦး မှုခင်းဆိုင်ရာတွေ့ရှိချက်များအရ လခ်နောင်းမြို့ မြောက်ဘက် ရှိ Usha Mehta Marg ရှိ အဆောက်အအုံတွင် သိမ်းဆည်းထားသော အလွန်လောင်ကျွမ်းလွယ်သော ပစ္စည်းများသည် မီးတောက်များကို ဖြစ်ပေါ်စေသည်ဟု မီးသတ်ဌာနမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆောက်အအုံအပေါ်ထပ်များမှ မီးခိုးထူထူများ ထွက်လာသည်ကို ၂ ကီလိုမီတာအကွာမှ မြင်နိုင်ခဲ့သည်။ မာဇန်ဒါဟု သိရသော သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက နေ့လယ် ၂ နာရီခွဲခန့်တွင် အချက်ပေးသံကို ပထမဆုံးထုတ်လွှင့်ခဲ့ပြီး လူတိုင်း ဘေးကင်းရာသို့ ထွက်ပြေးရန် အော်ဟစ်ခဲ့သည်။ အဆောက်အအုံမှာ မိနစ်ပိုင်းအတွင်း မီးလောင်ကျွမ်းသွားပြီး ထွက်ပြေးရန် လမ်းကြောင်းအားလုံး ပိတ်သွားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပထမဆုံး တုံ့ပြန်သူများက အသက်ရှင်ကျန်ရစ်သူအနည်းငယ်သည် ပြတင်းပေါက်မှန်များကို ရိုက်ခွဲကာ ကြိုးကို အသုံးပြု၍ ဘေးကင်းရာသို့ ခုန်ဆင်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောခဲ့ကြသည်။ ပထမထပ်နှင့် ဒုတိယထပ်မှ အနည်းငယ်သာ ခုန်ချလွတ်မြောက်နိုင်ခဲ့ကြကြောင်း ရဲအရာရှိတစ်ဦးက မျက်မြင်သက်သေတစ်ဦးကို ကိုးကား၍ ပြောကြားခဲ့သည်။
လခ်နောင်းမှ ဂျော့ဂျ်ဘုရင် ဆေးတက္ကသိုလ် KGMU ၏ အဓိက ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူး ဒေါက်တာပရင်ရတ်ဂျ်ဆင်း (Prem Raj Singh) က ထိခိုက်ဒဏ်ရာရရှိမှုဌာနသို့ ရောက်ရှိလာသူ ခုနစ်ဦးအနက် သုံးဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ မီးသတ်ကား ၁၅ စီးက မီးငြှိမ်းသတ်ရန် ရောက်ရှိလာကြပြီး ပထမတစ်စီးသည် သတိပေးချက်ရရှိပြီး ရှစ်မိနစ်အတွင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ မီးသတ်သမားများသည် မီးကို တစ်နာရီကျော်ကြာ ငြှိမ်းသတ်ပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့ကြသည်။
မီးလောင်ကျွမ်းခဲ့သော အဆောက်အအုံတွင် မြေအောက်ခန်း၊ မြေညီထပ်နှင့် အပေါ်ထပ်နှစ်ထပ်တို့၌ စီးပွားရေးလုပ်ငန်းများ ပျံ့နှံ့တည်ရှိခဲ့သည်။ ဒုတိယထပ်တွင် Learning Space စာကြည့်တိုက်နှင့် လေ့ကျင့်ရေးဌာနပါရှိသော ဂိမ်းစတူဒီယို Head Hopper Studio တို့ရှိသည်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည်လည်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများအတွက် ရူပီး ၂ သိန်းစီ ပေးအပ်မည်ဟု ပြောခဲ့သည်။
Ref- Times of India

