နေမိုး
၂၃. ၆. ၂၀၂၆
ယမန်နေ့က စတင်ဖြစ်ပွားသည့် ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA) က အမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ ပိုင်ဆိုင်မှုများ သိမ်းဆည်းကာ ပြန်ပေးဆွဲပြီး ကျပ်သိန်း ၂၀၀၀ ထပ်မံတောင်းခံသဖြင့် ညှိနှိုင်းပေးသည့် တောင်သာ PDF က ဖမ်းဆီးခံရသူလွတ်မြောက်ပြီးမှ လူနေထိုင်မှုမရှိတော့သည့် PLA စခန်းသို့သွားသဖြင့် PLA ထောင်ထားသည့်ဗုံးကွဲပြီးနောက် တောင်သာ PDF လေးဦးသေဆုံးသွားပြီး ဒဏ်ရာရသူများပြားသည်ဟု PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။
ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA)၏ သောင်းထောက် (စစ်ရေးတာဝန်ခံ) နှင့် အဖွဲ့သည် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့နှင့်ပကဖတို့ကို အကြောင်းကြားသတင်းပို့ခြင်းမရှိပဲ ၂၀၂၆ ခုနှစ်၊ မေလ (၂၆) ရက်နေ့၊ ည (၁၁:၀၅) နာရီတွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဝဲလောင်းကျေးရွာအုပ်စု၊ ဝဲလောင်းကျေးရွာနေ ဦးသန်း(အမည်လွှဲ)ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်ရာတွင် ဦးသန်းနှင့်အတူ ကားတစ်စီး၊ ယိုးဒယား 110 ဆိုင်ကယ် တစ်စီး၊ လော်ဂျား 110 ဆိုင်ကယ် တစ်စီး၊ အိမ်ဝိုင်းစာချုပ်၊ အိမ်ထောင်စုဇယား၊ ဘွဲ့လက်မှတ်များနှင့် ငွေသား (၁၀) သိန်းကျပ်ကိုပါ တစ်ပါတည်းယူဆောင်သွားခဲ့သည်။ ဦးသန်းသည် ကားသမားတစ်ဦးဖြစ်သာပြီး သတင်းပေး ဒလန်မဟုတ်ဘဲ ပြည်သူတစ်ဦးသာဖြစ်သည်ဟု PDF စစ်ရုံးချုပ်က ဆိုသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ နေ့လယ် ၃း၂၁ နာရီတွင် ဦးသန်း၏ဇနီးဖြစ်သူအား PLA မှ ဇွန်လ (၁၉) ရက်နေ့တွင် သိန်းနှစ်ထောင် မပေးပါက ဦးသန်းအား သတ်ပစ်မည်ဟု ချိန်းခြောက်လာသဖြင့် ဇနီးဖြစ်သူမှ တောင်သာမြို့နယ် ပလဖရုံးသို့ ဆက်သွယ်လာခဲ့သည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် အဆိုပါ ငွေညှစ်ခြိမ်းခြောက်ခံထားရသည့် ဦးသန်းကို (၇) ရက်အတွင်း ပြန်လွှတ်ပေးနိုင်ရန်နှင့် သိမ်းဆည်းထားသော ပြည်သူပိုင်ပစ္စည်းများကို ကာယကံရှင်ထံသို့ ပြန်လည်ပေးအပ်နိုင်ပါရန် တောင်သာမြို့နယ် ပကဖမှ PLA ထံသို့ လူကိုယ်တိုင်သွားရောက်ကာ စာပေးပို့ခဲ့သည်။ ဇွန်လ (၁၉) ရက်နေ့တွင် PLA မှ ပြန်မလွှတ်ပေးနိုင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်နိုင်ကြောင်း စာဖြင့် အကြောင်းပြန်ခဲ့သည်။

NUG စိုးမိုးနယ်မြေအတွင်းနေထိုင်သည့် ပြည်သူကို ခြိမ်းခြောက်ငွေညှစ်မှုဖြစ်စဥ်အပါအဝင် ယခင်ကျုးလွန်ခဲ့သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ထိပါးနှောက်ယှက်သည့် ဖြစ်စဥ်များကြောင့် မိမိတို့ ခရိုင်တွင်း နေထိုင်မည်ဆိုလျှင် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်နှင့် ဦးသန်းအား ပြန်လည်အပ်နှံရန် တောင်းဆိုခဲ့ရာ ဗဟိုသို့ တင်ပြပြီး ပြန်လည်အကြောင်းပြန်မည်ဟုသာ PLA က ပြောကြားခဲ့သည်ဟုလည်း PDF က ဆိုသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၊ နေ့လယ် ၁၂ နာရီတွင် PDF က PLA သို့ ထပ်မံဆက်သွယ်ခဲ့ရာတွင် ဖမ်းဆီးခံရသည့် ဦးသန်းကို PLA မှ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အကြောင်းပြန်သည်။ ဖမ်းဆီးခံရသည့် ဦးသန်းကို တောင်သာမြို့နယ်၊ ဝဲလောင်းရွာနှင့်ရွာသစ်ရွာကြားတွင် ရိုက်နှက်ထားသော ဒဏ်ရာများဖြင့် သတိလစ်လျက် ပြန်လည်တွေ့ရှိခဲ့ရပြီး ဦးသန်းပိုင်ပစ္စည်းများကိုလည်း ယခုသတင်းထုတ်ပြန်ချိန်အထိ အပ်နှံခြင်း မရှိသေးဟု PDF ဟု ဇွန် ၂၂ ရက် ထုတ်ပြန်ချက်က ဆိုသည်။
ထို့ကြောင့် ဦးသန်းကို လိုအပ်သည့် ကုသမှုများ ပြုလုပ်ကာ မြို့နယ် ပလဖနှင့် ပကဖများထံသို့ အပ်နှံမှုပေးပြီးနောက် သဘောတူညီမှုအရ ခရိုင်တွင်းတွင် နေထိုင်ခြင်းမရှိတော့သည့် PLA စခန်းများကို ဝင်ရောက်ခဲ့ရာတွင် PLA အဖွဲ့ဝင်များ အိပ်သည့် အိပ်ဆောင်နေရာများတွင် ရည်ရွယ်ချက်ရှိရှိ မိုင်းများထောင်ထားခဲ့သဖြင့် PDF (၄) ဦး မိုင်းဒဏ်ရာဖြင့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် PLA နှင့်ပတ်သတ်ပြီး ပြည်သူများမှ တိုင်ကြားထားသည့် နောက်ဆက်တွဲဖြစ်စဥ်များကိုလည်း အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။


