၂၃.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အမည်တပ်လမ်းမကြီးများ၊ နံပါတ်တပ်လမ်းများပေါ် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အတားအဆီးများ ချထားခြင်း မပြုလုပ်ရန် ပညာပေးခြင်း၊ သတိပေးခြင်း၊ သိမ်းဆည်းရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသော်လည်း အတားအဆီးများ ထပ်မံချထားမှုများရှိနေကြောင်း စစ်ဆေးတွေ့ရှိနေရသည်ဟု ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဇွန် ၂၃ နံနက်ပိုင်းတွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ ပြောကြားခဲ့သည်။
လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးစံကျော်၏ “ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အမည်တပ်လမ်းမကြီးများ၊ နံပါတ်တပ်လမ်းများပေါ် ကားများ ရပ်နားနိုင်သည့် နေရာများတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ချထားသည့် အတားအဆီးများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈)နှင့်အညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာတွင် ရန်ကုန်မြို့တော်ဝန်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က “လမ်းများပေါ်မှာ ယာဉ်ရပ်နားနိုင်တဲ့နေရာများမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ချထားတဲ့ အတားအဆီးများကို မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးများမှ မြို့နယ်အလိုက် လိုက်လံစစ်ဆေးပြီးတော့မှ ပညာပေးခြင်း၊ သတိပေးခြင်း၊ အတားအဆီးများ သိမ်းဆည်းရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း အတားအဆီးများကို ထပ်မံချထားမှုများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ အဲဒီလို အတားအဆီးများ ချထားမှုများမရှိစေဖို့အတွက် မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈) နဲ့အညီ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်ဆင့် လေးစားစွာ ပြန်လည်ဖြေကြားရပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့ပြင် အတားအဆီးများချထားရာတွင် နှစ်မျိုးရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ လိုအပ်သည့်နေရာများတွင် ချထားသည့်အတားအဆီးနှင့် ပုဂ္ဂလိကများက ချထားသည့်အတားအဆီးဟူ၍နှစ်မျိုးရှိပြီး လုံခြုံရေးအရ ချထားသည့်အတားအဆီးများကို ဖြေလျော့၍ရသည့်နေရာများတွင် ဖယ်ရှားပေးလျက်ရှိပြီး တစ်ဝက်ခန့် ဖယ်ရှားပေးပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။
“အတားအဆီးအနေနဲ့ နှစ်မျိုးတွေ့ရှိရမှာဖြစ်ပါတယ်။ ပထမတစ်မျိုးကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ လိုအပ်လို့ ချထားတဲ့အတားအဆီးများရှိပါတယ်။ ဒီအတားအဆီးများကို ယခင် ၂၀၂၁ ကစပြီးတော့ လိုအပ်လို့ချထားခဲ့တာမှာ ယခုအချိန်မှာတော့ ဖြေလျှော့ပေးလို့ရတဲ့နေရာများမှာ စတင် ဖယ်ရှားပေးပြီးတော့ တစ်ဝက်နီးပါးလောက်က ဖယ်ရှားပေးသွားပြီးဖြစ်ပါတယ်။ ကျန်တဲ့နေရာတွေက လုံခြုံရေးအရ လိုအပ်လို့ချထားတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပုဂ္ဂလိကတွေ ချထားတဲ့ အတားအဆီးများဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥပဒေ (၂၀၁၈) ပုဒ်မ ၃၁၅ မှာ မြို့တော်နယ်နမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် ယာဉ်သွားလာခြင်း၊ ယာဉ်ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီးပြုလုပ်ခြင်း မပြုရဘူးလို့ ဖော်ပြပါရှိပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည် လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အမည်တပ်လမ်းများနှင့် နံပါတ်တပ်လမ်းများပေါ် အတားအဆီးများချထားခြင်းသည် ရန်ကုန်မြို့တော်ကို ရုပ်ဆိုးစေပြီး ယာဉ်ကြောကြပ်တည်းမှုကိုဖြစ်စေသဖြင့် ဥပဒေနှင့်အညီ အရေးယူရန် တိုင်းလွှတ်တော်ကတစ်ဆင့် မေးမြန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ အမည်တပ်လမ်းတွေနဲ့ နံပါတ်တပ်လမ်းတွေပေါ်မှာ အတား အဆီးတွေ ချထားတာဟာ မြို့တော်အတွက်လည်း ရုပ်ဆိုးစေတယ်။ ဒီဟာတွေ ချထားခြင်းအားဖြင့် အများသုံးတဲ့ စည်ပင်သာယာလမ်းမတွေပေါ်မှာ ဒီလိုတွေရှိနေတော့ ကားတွေရပ်တဲ့အခါ အခက်အခဲဖြစ်ပါတယ်။ နှစ်ထပ်ရပ်တာတွေဖြစ်လာတယ်။ အဲဒီလိုဖြစ်လာတော့ ယာဉ်ကြောကြပ်တာလည်း ဖြစ်စေတယ်။ ဒီလမ်းတွေဟာ စည်ပင်ရဲ့ ဥပစာလမ်းတွေဖြစ်တဲ့အတွက် ကားတွေရပ်နားခွင့်ရှိတယ်။ ဒီလိုအတားအဆီးတွေချထားတာဟာ ပြီးခဲ့တဲ့ ၂၀၁၀ ကာလတုန်းကဆိုရင် လူသေဆုံးတဲ့အထိ အချင်းများတာတွေ ဖြစ်ခဲ့တယ်။ ဒါတွေမဖြစ်အောင်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကနေတစ်ဆင့် မေးမြန်းခဲ့တာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောကြားခဲ့သည်။




