သတိုး
၂၃. ၆. ၂၀၂၆
ထိုင်းနိုင်ငံသည် လာမည့် ၁၂ နှစ်အတွင်း အလယ်အလတ်ဝင်ငွေထောင်ချောက် (Middle-income trap) မှ ရုန်းထွက်ပြီး ဝင်ငွေမြင့်မားသောနိုင်ငံအဆင့်သို့ ရောက်ရှိရန် ရည်မှန်းချက်ကြီးမားသော ပန်းတိုင်တစ်ခုကို ချမှတ်လိုက်ကြောင်း တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အစိုးရ-ပုဂ္ဂလိက ပူးတွဲတိုင်ပင်ဆွေးနွေးရေးကော်မတီ (JPPCC) ၏ ပထမဦးဆုံးအကြိမ် အစည်းအဝေးအပြီး ထုတ်ပြန်သည့် ရည်မှန်းချက်များအရ သိရသည်။
ဤအစီအမံသည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အရှိန်အဟုန်မြှင့်တင်ရန်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် ထိုင်းနိုင်ငံကို ကမ္ဘာ့ပြိုင်ဆိုင်မှုစွမ်းရည် (Competitiveness) အကောင်းဆုံး ထိပ်တန်းနိုင်ငံ ၂၀ စာရင်းထဲတွင် ပါဝင်လာစေရန်လည်း ရည်ရွယ်သည်။
အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Mr. Ekniti Nitithanprapas က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကာ ရေတို၊ ရေလတ်နှင့် ရေရှည် စီးပွားရေး ခိုင်မာတောင့်တင်းစေမည့် မူဘောင်တစ်ရပ်ကို အတူတကွ ချမှတ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
“ပုဂ္ဂလိကကဏ္ဍနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ရေတို၊ ရေလတ်၊ ရေရှည် စီးပွားရေးမဟာဗျူဟာတွေအဖြစ် ဖော်ဆောင်ထားပါတယ်။ အရေးကြီးဆုံးကတော့ ဒီဗျူဟာတွေဟာ ထိုင်းနိုင်ငံကို အလယ်အလတ်ဝင်ငွေထောင်ချောက်ကနေ ရေရှည်တည်တံ့ခိုင်မြဲစွာ ရုန်းထွက်နိုင်ဖို့ ပုံစံထုတ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရေလတ်စီမံကိန်းအရ အစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ ကမ္ဘာ့ပြိုင်ဆိုင်မှုစွမ်းရည်အဆင့်အတန်းကို ထိပ်တန်း ၂၀ အတွင်း ရောက်ရှိစေရန်နှင့် စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းချက် (Economic growth potential) ကို လက်ရှိခန့်မှန်းချက် ၂ ဒသမ ၇ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထက်သို့ မြှင့်တင်ရန် ရည်မှန်းထားသည်။
Mr. Ekniti က ဤလုပ်ဆောင်ပုံနည်းလမ်းကို ဘောလုံးအသင်းတစ်သင်းနှင့် နှိုင်းယှဉ်ပြခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများသည် ယခင်ကကဲ့သို့ တစ်ဦးစီ သီးခြားစီလုပ်ဆောင်နေမည့်အစား တိုက်စစ်၊ ကွင်းလယ်၊ ခံစစ်အဖြစ် ပန်းတိုင်တစ်ခုတည်းအတွက် လက်တွဲလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နှိုင်းယှဉ်ပြောဆိုမှုအရ “ခံစစ်” (Defence) အပိုင်းတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများမှ ကာကွယ်ရန်အတွက် မက်ခရိုစီးပွားရေး တည်ငြိမ်မှု (Macroeconomic stability) နှင့် ဘဏ္ဍာရေးစည်းကမ်းစနစ်များကို အဓိကအာရုံစိုက်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ လွန်ခဲ့သော ၇ လ၊ ၈ လခန့်က ဘဏ္ဍာရေးစည်းကမ်းထိန်းသိမ်းမှုများသည် နိုင်ငံတကာဈေးကွက် မတည်ငြိမ်မှုများရှိနေလင့်ကစား နိုင်ငံ၏ အကြွေးဝယ်ယူနိုင်မှုအဆင့်အတန်း (Credit standing) ကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ “ကွင်းလယ်” (Midfield) အပိုင်းတွင်မူ အဓိကအခြေခံအဆောက်အအုံများကို အားကောင်းအောင် လုပ်ဆောင်မည်ဖြစ်သည်။ အနာဂတ်စီးပွားရေး တိုးချဲ့မှုအတွက် အခြေခံအုတ်မြစ်များဖြစ်စေရန် ယုံကြည်စိတ်ချရသော လျှပ်စစ်မီးရရှိရေး၊ လုံလောက်သော ရေအရင်းအမြစ်၊ သန့်ရှင်းစွမ်းအင်စနစ်များ လက်လှမ်းမီရေး၊ ဒစ်ဂျစ်တယ်နှင့် ကွန်ပျူတာဉာဏ်ရည်တု (AI) အသင့်ဖြစ်မှု၊ ဥပဒေပြင်ဆင်ပြောင်းလဲမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများကို ရည်ရွယ်ဆောင်ရွက်မည်ဖြစ်သည်။
“တိုက်စစ်” (Forward) အပိုင်းအနေဖြင့် ကဏ္ဍကြီး ၇ ခုမှတစ်ဆင့် ဝင်ငွေရရှိအောင် မောင်းနှင်သွားမည်ဖြစ်သည်။ ၎င်းတို့မှာ -အရည်အသွေးမြင့် စိုက်ပျိုးရေးနှင့် အစားအစာ၊ မျိုးဆက်သစ်မော်တော်ယာဉ်များ၊ AI နှင့် ချိတ်ဆက်ထားသည့် စမတ်အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးခရီးသွားလုပ်ငန်း (Wellness tourism)၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး (Logistics) နှင့် ဖန်တီးမှုစီးပွားရေး (Creative economy) တို့မှ ဝင်ငွေတိုးမြှင့်ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ၂၀၃၀ မှာ ထိုင်းနိုင်ငံကို ကမ္ဘာ့ပြိုင်ဆိုင်မှုအကောင်းဆုံး နိုင်ငံ ၂၀ ထဲ ရောက်အောင်ခေါ်သွားဖို့ အားလုံးက မျှော်မှန်းချက်ချင်း တူညီနေစေမယ့် ရှင်းလင်းတဲ့ GPS တစ်ခု ချမှတ်ပေးဖို့ ဖြစ်ပါတယ်” ဟု Mr. Ekniti က ပြောကြားသည့်အပြင် “ဒါကို အစိုးရဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် အကောင်အထည်ဖော်မှာ ဖြစ်ပြီး ပြဿနာတွေကို ရှာဖွေရုံတင်မကဘဲ အတူတကွ ပူးပေါင်းဖြေရှင်းသွားကြမှာပါ” ဟု ဆိုသည်။
ထို့အပြင် အစိုးရသည် စီးပွားရေးကို မြှင့်တင်ပေးမည့် အဓိကမောင်းနှင်အား (Economic engines) ၄ ခုကိုလည်း သတ်မှတ်ခဲ့သည်။ အဆိုပါ မောင်းနှင်အားများအနက် ပထမမောင်းနှင်အားမှာ Thailand Fast Pass အစီအစဉ်မှတစ်ဆင့် အနာဂတ်စက်မှုလုပ်ငန်းများကို ဆွဲဆောင်ရန်၊ ထိုင်းနိုင်ငံကို ဒေသတွင်း ဘဏ္ဍာရေးဗဟိုချက် (Financial hub) အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စိမ်းလန်းသောစီးပွားရေး (Green economy) ကို မြှင့်တင်ရန်နှင့် မော်တော်ယာဉ်စက်မှုလုပ်ငန်းကို ခေတ်မီအောင် ဆောင်ရွက်ရန် အဓိကထားသည်။ ဒုတိယမောင်းနှင်အားအဖြစ် ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာဖူလုံမှု၊ ကုန်ချောစိုက်ပျိုးရေး၊ ဖန်တီးမှုစီးပွားရေး၊ လက်ကားနှင့် လက်လီကုန်သွယ်မှုတို့ကို အာရုံစိုက်ပြီး ထိုင်းနိုင်ငံကို ဒေသတွင်း ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဗဟိုချက်အဖြစ် အားကောင်းလာစေရန် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (FTA) ညှိနှိုင်းမှုများကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်မည်ဖြစ်သည်။
ထို့အတူ တတိယမောင်းနှင်အားအဖြစ် လူသားအရင်းအမြစ်နှင့် ဆန်းသစ်တီထွင်မှုကို အလေးပေးမည်ဖြစ်သည်။ အစိုးရသည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ပညာရေးကို မြှင့်တင်ရန်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကို ပံ့ပိုးရန်၊ စတင်ပျိုးထောင်စ လုပ်ငန်းများ (Start-ups) ကို မြှင့်တင်ရန်နှင့် အထူးသဖြင့် AI နှင့် သက်ဆိုင်သော နယ်ပယ်များတွင် ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် ကျွမ်းကျင်မှုအသစ်များ လေ့ကျင့်ပျိုးထောင်ရေး (Upskilling and reskilling) အစီအစဉ်များကို တိုးချဲ့သွားရန် စီစဉ်ထားသည်။ အလားတူ စတုတ္ထမောင်းနှင်အားအဖြစ် ဒစ်ဂျစ်တယ်အစိုးရ ဝန်ဆောင်မှုများ၊ ပိုမိုပွင့်လင်းမြင်သာမှုရှိခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအမံများနှင့် ပြည်သူ့ပိုင်ပစ္စည်းများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲခြင်းတို့မှတစ်ဆင့် ဗျူရိုကရေစီဆန်သည့် အတားအဆီးများကို ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း သိရသည်။
Ref : Bangkok Post
