




၂၃.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များနှင့် ရပ်ကွက်နေရာအချို့တွင် လျှပ်စစ်လမ်းမီးများပျက်နေခြင်း၊ မီးလင်းအားလျော့နည်းနေခြင်း၊ လမ်းမီးလုံးများမရှိခြင်းတို့ကြောင့် မှောင်မိုက်လျက်ရှိပြီး ရာဇဝတ်မှုများဖြစ်ပေါ်စေရန် အခွင့်သာကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမီးများ အသစ်တပ်ဆင်ရန်နှင့် ပျက်စီးနေသော မီးသီးများလဲလှယ်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြန်လည်ဖြေကြားခဲ့သည်။
ကျောက်တံတားမြို့နယ် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ” ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် ရပ်ကွက်နေရာအချို့တွင် လျှပ်စစ်လမ်းမီးများပျက်နေခြင်း၊ မီးလင်းအားလျော့နည်းနေခြင်း၊ လမ်းမီးလုံးများမရှိခြင်းတို့ကြောင့် မှောင်မိုက်လျက်ရှိပါတယ်။ ထိုအမှောင်ထုကို အားယူ၍ ခိုးဆိုးလုယက်သူများ၊ မူးယစ်ရမ်းကားသူများ စသည်တို့ ခိုအောင်းရာနေရာတစ်ခုဖြစ်လာပြီး ရာဇဝတ်မှုများဖြစ်ပေါ်စေရန် အခွင့်သာခြင်း၊ ညဘက်သွားလာသည့် အများပြည်သူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ အလုပ်သွားအလုပ်ပြန်ကြသူများအားလုံး လုံခြုံစိတ်ချမှုမရှိသော အနေအထားတစ်ခု ဖြစ်ပေါ် စေပါတယ်။ အကျိုးဆက်အားဖြင့် လမ်းမီးများပျက်စီး၍ မှောင်မိုက်နေခြင်းနှင့်ပတ်သက်၍ စိန်ခေါ်မှုများဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအား လျော့နည်းလာနိုင်စေခြင်း၊ အမှောင်ထုကို အကာအကွယ်ယူ၍ ဒုစရိုက်မှုများ ပိုမိုများပြားလာနိုင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းချိန်နှင့် ရာသီဥတုဆိုးရွားသည့်အချိန်၊ မြင်ကွင်းမကြည်လင်မပြတ်သားမှုများဖြစ်ပေါ်နေချိန်များတွင် ရုတ်တရက် လမ်းဆုံလမ်းခွများ၊ အန္တရာယ်ကွေ့လိုနေရာများတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း စသည့် ဖြစ်စဉ်များကြောင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ ထိခိုက်နစ်နာ သေဆုံးရမှုဖြစ်စဉ်များလည်း ရှိနေပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချမှုရှိစေရန် နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းဖြစ်ပွားမှုများကျဆင်းစေရေး၊ ပြည်သူများ ညဘက် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ မော်တော်ယာဉ်များ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ လမ်းမီးများ ဓာတ်အားသုံးစွဲမှု သက်သာစေရန် အထောက်အကူ ဖြစ်စေမည့် လမ်းမီးများ အသစ်တပ်ဆင်ခြင်း၊ ပျက်စီးနေသော လမ်းမီးများ လဲလှယ်ခြင်းစသည့်အစီအစဉ်များ ရှိ/မရှိကို မေးမြန်းရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာမျိုးသော်က ” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် လမ်းမီးများ တပ်ဆင်ထွန်းလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှု၊ ရရှိမှုအပေါ်မူတည်၍ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေးရှု၍ လမ်းမီးလုံးဝမရရှိသေးသည့် လမ်းများကို လည်းကောင်း၊ လမ်းမကြီးများကိုလည်းကောင်း ပထမဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်တစ်ခုချင်းစီအလိုက် ရပ်ကွက်အတွင်းရှိ လမ်းသွယ်များအပါအဝင် လမ်းများအားလုံး လမ်းမီးလုံးအသစ်တပ်ဆင် ထွန်းလင်းနိုင်ရေးနှင့် မီးလုံးများပြုပြင်လဲလှယ်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အဆင့်ဆင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ” ဟု လာရောက်ဖြေကြားခဲ့သည်။
ထို့ပြင် လမ်းမီးများ ပျက်စီး၊ မီးမလင်းနှင့် ကျိုးပဲနေပါကလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ Call Center ဖုန်းနံပါတ် ၁၇၁၇ သို့ ဆက်သွယ်ပြောကြားနိုင်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ဆက်လက်ဖြေကြားခဲ့သည်။
