၂၂.၆.၂၀၂၆
Written by KL
ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် လူသုံးဦးသေဆုံးပြီး ကိုရင်တစ်ပါးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သော အဝေးပြေးခရီးသည်တင်ယာဥ်တိုက်မှုမှာ ရွှေမန္တလာခရီးသည်တင်ယာဥ်မောင်း အိပ်ငိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ဖြစ်စဥ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အသက် ၄၇ နှစ်အရွယ် ဦးအောင်ဇော်သိုက် မောင်းနှင်လာသော ရွှေမန္တလာခရီးသည်တင်ယာဥ်မှာ ယာဥ်မောင်းအိပ်ငိုက်ကာ အနှေးယာဥ်ကြောပေါ် ကားပြင်နေသော ရတနာဖြိုးအဝေးပြေးယာဥ်ကို အနောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဥ်တိုက်မှုကြောင့် ရွှေမန္တလာခရီးသည်တင်ယာဥ်နောက်လိုက်အသက် ၂၁ နှစ်အရွယ် ကိုဇော်ဝင်းနိုင်အောင်၊ ရတနာဖြိုးခရီးသည်တင်ယာဥ်မောင်း ကိုဝင်းနိုင်ထွန်း၊ ရတနာဖြိုးခရီးသည်တင်ယာဥ်အကူယာဥ်မောင်း ကိုဝင်းနိုင်ထွန်းတို့ နေရာတွင်ပင် သေဆုံးခဲ့သည်။
ထို့အပြင် ရွှေမန္တလာခရီးသည်တင်ယာဥ်တွင်လိုက်ပါလာသောအသက် ၄၇ နှစ်အရွယ် ဦးအောင်ကျော်ဦးတွင် ဦးခေါင်းချိုစောင်းပေါက်ပြဲ၊ ခါးနှင့်ဒူးနာကျင်ဒဏ်ရာ၊ သက်တော် ၂၆ နှစ်အရွယ် ဦးတိဿရတွင် ညာဘက်ပါးနှင့်လည်ပင်းပေါက်ပြဲဒဏ်ရာနှင့် သွားကျိုးဒဏ်ရာ၊ အသက် ၄၅ နှစ်အရွယ် ဦးငြိမ်းချမ်းတွင် ဦးခေါင်းပေါက်ပြဲ ညာဘက်ခြေကျင်းဝတ်ကျိုးဒဏ်ရာနှင့် ရတနာဖြိုးခရီးသည်တင်ယာဥ်နောက်လိုက် အသက် ၃၀ အရွယ် ဦးကျော်ဇင်လင်းတွင် ဘယ်ဘက် နံရိုးနာကျင်၊ ဘယ်ဘက် မျက်ခုံးနှင့်လက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီးသေဆုံးသူနှင့်ဒဏ်ရာရသူများကို ကြက်ခြေနီအသင်း၊ မြို့မလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။
ယာဥ်တိုက်မှုကြောင့် ရွှေမန္တလာခရီးသည်တင်ယာဥ်ခေါင်းပိုင်းပျက်စီးကာ ရှေ့လေကာမှန်နှင့် ဘယ်ညာလေကာမှန်များကွဲအက်ခဲ့ပြီး ရတနာဖြိုးခရီးသည်တင်ယာဥ်တွင် ယာဥ်နောက်အင်ဂျင်ပိုင်းပျက်စီးခဲ့သည်။
လူသုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သော ယာဥ်တိုက်မှုနှင့်ပတ်သက်၍ အသက် ၄၇ နှစ်အရွယ် ဦးအောင်ဇော်သိုက်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က /၃၃၇/၃၃၈/၂၇၉ဖြင့် ဖြူးရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
