◾️ ဖမ်းမိထားသည့် ကျူးလွန်သူများမှာလည်း အသက်မပြည့်သေးသည့် ဆယ်ကျော်သက်များသာဖြစ်ပြီး အနိုင်ကျင့်ခံရမှုကြောင့် လက်တုံ့ပြန်ပစ်ခတ်မှုဟု ကနဦးသိရ
သက်တံ့
၂၂. ၆. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ယနေ့ တနင်္လာနေ့ (ဇွန် ၂၂ ရက်) နံနက်ပိုင်းအချိန် လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆယ်ကျော်သက်ကျောင်းသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိများက ပြောကြားသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် လေတေပြည်နယ်၊ တက်ခ်လိုဘန်မြို့ရှိ ဆန်းဂျို့စ်အမျိုးသားအထက်တန်းကျောင်း (San Jose National High School) မှ ကျောင်းသားတစ်ဦးအပါအဝင် သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ အမျိုးသားများသာဖြစ်ပြီး ပစ္စတိုသေနတ်များ ကိုင်ဆောင်ထားကြသည်။


အသက် ၁၅ နှစ်နှင့် ၁၄ နှစ်အရွယ်ရှိ သံသယရှိသူ သေနတ်သမားနှစ်ဦးသည် ကျောင်းအတွင်း၌ “ရမ်းသန်း” ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်မှာ နံနက် ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲဗိုလ် အီဗလင်ဒီယက်ဇ် (Evalyn Diaz) က AFP သို့ ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး AFP က မှန်ကန်ကြောင်း အတည်ပြုထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် သေနတ်သံများ ထွက်ပေါ်နေစဉ်အတွင်း ကြောက်လန့်တကြား အော်ဟစ်ငိုယိုကာ စာသင်ခန်းတစ်ခုအတွင်း ပုန်းအောင်းနေကြသည့် ကလေးငယ်များကို မြင်တွေ့ရသည်။
“သူတို့ရဲ့ လုပ်ရပ်နောက်ကွယ်မှာ အနိုင်ကျင့်ခံရတာက အကြောင်းရင်းဖြစ်တယ်လို့ ကြားသိရပေမဲ့ သူတို့ကို တရားဝင် မမေးမြန်းရသေးပါဘူး” ဟု ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် လူငယ်များကို ဆက်လက်စစ်ဆေးမေးမြန်းနေမှုနှင့် ပတ်သက်၍ ၎င်းက ပြောကြားခဲ့သည်။


“ကျွန်တော်တို့ သေနတ်တွေကို သိမ်းဆည်းဖို့နဲ့ အဲဒီသေနတ်တွေကို ဘယ်ကရခဲ့လဲ၊ ကျောင်းထဲကို ဘယ်လိုယူဆောင်လာနိုင်လဲဆိုတာကို စစ်ဆေးနေတုန်းပဲ ဖြစ်ပါတယ်” ဟု ရဲသတင်းပြန်ကြားရေးအရာရှိက ဆိုခဲ့သလို”ဖြစ်စဉ်အသေးစိတ်ကိုလည်း ထပ်မံအတည်ပြုဖို့ လိုပါသေးတယ်” ဟု သူမက ဖြည့်စွက်ပြောကြားသည်။ ထို့အပြင် “သူတို့ဟာ အသက်မပြည့်သေးသူတွေဖြစ်လို့ မိဘတွေရှေ့မှောက်မှာပဲ ရဲစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်” ဟု ဆိုသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားသည်။
“သမ္မတအနေနဲ့ ဒီဖြစ်စဉ်အပေါ် စိတ်မကောင်းဖြစ်ရပါတယ်” ဟု သမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားပြီး၊ အထူးသဖြင့် စာသင်ကျောင်းများအပါအဝင် နေရာဒေသအားလုံး၊ ရုံးများနှင့် အဆောက်အအုံများတွင် လုံခြုံရေး စိတ်ချရမှုရှိစေရန် ဆောင်ရွက်ဖို့ အာဏာပိုင်များကို မားကို့စ်က ညွှန်ကြားခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
တက်ကလိုဘန် ရဲမှူးကြီး နိုရယ်လီတို ဂေတီဂန် (Noelito Getigan) က သံသယရှိသူများသည် ပစ်ခတ်မှုတွင် .၃၈ ကာလီဘာနှင့် ၉ မမ သေနတ်များကို အသုံးပြုခဲ့ကြကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
သံသယရှိသူတစ်ဦးဖြစ်သည့် အသက်မပြည့်သေးသူ ၉ တန်းကျောင်းသားကို ဖြစ်ပွားပြီး မကြာမီတွင် ဖမ်းဆီးရမိခဲ့ပြီး အခြားတစ်ဦးမှာမူ နောက်ပိုင်းတွင် အာဏာပိုင်များထံ လာရောက်အဖမ်းခံခဲ့ကြောင်း ဂေတီဂန်က ဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ၅ ဦး၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ချက်ချင်းသတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
“ဘေးသင့်သူတွေကို ဆေးကုသမှုခံယူနိုင်ဖို့နဲ့ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကူညီမှုတွေ ပြုလုပ်ပေးနိုင်ဖို့ အနီးနားက ဆေးရုံတွေကို ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနက ဤဖြစ်စဉ်ကို “အမြင့်ဆုံးသတိပေးချက်အဆင့် အခြေအနေ” အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ ဗဟိုရုံးအရာရှိတွေဟာ ဒေသန္တရနဲ့ တိုင်းဒေသကြီးအဆင့်ရုံးက ဝန်ထမ်းတွေနဲ့အတူ မြေပြင်မှာ တက်ကြွစွာ လှုပ်ရှားနေပြီး၊ ကျောင်းဝင်းအတွင်း လုံခြုံရေးရရှိဖို့ ကျောင်းအာဏာပိုင်တွေ၊ ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဖော်ပြထားသည်။ ယခု ပစ်ခတ်မှုဖြစ်ပွားသည့် အစိုးရပိုင်ကျောင်းတွင် ကျောင်းသားဦးရေ ၁,၅၀၀ ကျော် ရှိသည်။
“မိဘပြည်သူများအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့၊ အတည်မပြုရသေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခြင်းမပြုကြဖို့နဲ့ လက်ရှိစုံစမ်းစစ်ဆေးမှုကို အထောက်အကူဖြစ်စေမယ့် သတင်းအချက်အလက်တွေရှိရင် အာဏာပိုင်တွေကို ပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်” ဟု အမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် လိုင်စင်မဲ့သေနတ်များ ပေါများမှုကြောင့် သေနတ်အသုံးပြုသည့် ရာဇဝတ်မှုများမှာ အဖြစ်များသော်လည်း စာသင်ကျောင်းများအတွင်း ပစ်ခတ်မှုများမှာမူ အတော်ပင် ရှားပါးလှသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လက ကွီဇုန်စီးတီး (Quezon City) ရှိ အတန်နီယို ဒီ မနီလာ တက္ကသိုလ် (Ateneo de Manila University) ဥပဒေကျောင်း ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့သဖြင့် လာမီတန်စီးတီး မြို့တော်ဝန်ဟောင်း ရို့စ်ဖူရီဂေး (Rose Furigay) အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ဖူးသည်။
Ref :CNA
