၂၂.၆.၂၀၂၆
Written By Thandar
လာမယ့် ဇူလိုင် ၃ ရက်မှာ ကျရောက်မယ့် မြန်မာအမျိုးသမီးများနေ့အတွက် ရုပ်ရှင်၊ သဘင်နဲ့ ဂီတတို့က ပူးပေါင်းတင်ဆက်ဖို့ ဖျော်ဖြေပွဲကြီးအတွက် Rehearsal တွေကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမမှာ ကျင်းပနေလျက်ရှိပါတယ်။
“အန်တီတို့ နှစ်ယောက်က မြန်မာပြည်ကို ခတ္တခဏပြန်လာချိန်မှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကြီးကနေ ကျင်းပတဲ့ ဒီပွဲတော်ကြီးကို အရင်နှစ်တွေက ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဖိတ်ကြားလာတဲ့အတွက် ပါဝင်သီဆိုဖျော်ဖြေမှာပါ။ အန်ကယ့်အနေနဲ့ သီချင်းလေး အနည်းဆုံး တစ်ပုဒ်ပါဝင် သီမှာပါ။ ဒီလိုဖျော်ဖြေရလို့လည်း ဝမ်းသာပါတယ်။ ဒီသီချင်းတွေ သီဆိုဖို့အတွက်လည်း အန်ကယ်ရဲ့တေးချစ်သူလည်း အကြံလေးတွေပေးပါတယ်”လို့ မြန်မာပြည်သိန်းတန်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ အနုပညာအသိုင်းအဝိုင်းကမောင်နှမတွေဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်၊ မြန်မာပြည်သိန်းတန်၊ အကယ်ဒမီ ဝေဠုကျော်၊ အကယ်ဒမီ ကျော်ရဲအောင်၊ ညီနန္ဒ၊ ဇင်မျိုး၊ ကျော်ကျော်၊ မိုးယံဇွန်၊ ဟန်ထူးဈာန်၊ ဟိန်းတေဇ၊ ကြယ်သီး၊ မေတ္တာမြင့်မြတ်ဟိန်း၊ ဝိုင်းဝိုင်းလည်၊ ဦးပေါ်ဦး၊ အောင်မော်၊ အောင်ချစ်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ ဆုပန်ထွာ၊ နွေးနွေးချစ်ဖွယ်၊ မမဆောင်း၊ ဆုမြတ်နိုးဦး၊ နန်းခင်ဇေယျာ၊ ပွင့်၊ မှုံနံ့သာကျော်ရဲအောင်၊ ဈာန်ဈာန်ဟန်သာ စသူတို့ကပါဝင်ပြီး တေးသရုပ်ဖော်၊ ပြဇာတ်အပြင် တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေတင်ဆက်ကြမှာလည်း ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးများနေ့အတွက် ရုပ်ရှင်၊ သဘင်နဲ့ ဂီတတို့ ပူးပေါင်းပြီးတော့ ဖျော်ဖြေမယ့်ပွဲကိုတော့ လာမယ့် ဇူလိုင်လမှာတော့ နေပြည်တော်ရှိ MCC ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့လည်း ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်မယ့် “မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူးကျင်းပတဲ့ “ရိုးရာခေတ်ဆန်း ရှေ့သို့လှမ်း၊ ယဉ်ကျေးလှပ မေမြန်မာအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု” ပြပွဲကိုကျင်းပခဲ့ပြီးလည်း ဖြစ်ပါတယ်။
#မြန်မာပြည်သိန်းတန် #ရန်အောင် #ကျော်ကျော် #စိုးမြတ်သူဇာ #ဆုပန်ထွာ #MyanmarPyaeTheinTan #YanAung #SoeMyatThuZar #KyawKyaw #SuMyatnoeOo #SuPanHtwar #NwayNwayChitPhwae
#အမျိုးသမီးများနေ့ #မြန်မာအမျိုးသမီးများနေ့










