၂၂.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဗြိတိန်ဝန်ကြီးချုပ် ကားစတမ်မာဟာ အခု ဇွန်လ ၂၂ ရက် လောက်မှာတောင် ဖြစ်နိုင်တဲ့အထိ မြန်နိုင်သမျှအမြန်ဆုံး ရာထူးမှနုတ်ထွက်လိမ့်မယ်လို့ Truth Social လူမှုမီဒီယာ ပို့စ်တစ်ခုမှာ ဒီနေ့ ဇွန်လ ၂၂ ရက်က ပြောခဲ့ပါတယ်။
ထရမ့်ပ်အနေနဲ့ ကားစတမ်မာဟာ ယူနိုက်တက်ကင်းဒမ်းဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်မယ်လို့ ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ တစ်စုံတစ်ခုကို သေချာစွာသိရှိလို့လား ဒါမှမဟုတ် မှတ်ချက်ပေးဝေဖန်ရုံ သက်သက်လားဆိုတာ မသေချာသေးပါဘူး။
ဗြိတိန်နိုင်ငံမှ PA မီဒီယာက ပြီးခဲ့တဲ့အပတ်အစောပိုင်းက ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေ တွေ့ဆုံပြီးချိန်ကစလို့ ထရမ့်ပ်ဟာ စတမ်မာနဲ့ စကားမပြောဖြစ်ခဲ့ကြသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်က လူမှုမီဒီယာပို့စ်မှာ ယူကေရဲ့ ဗဟိုလက်ဝဲ လေဘာပါတီခေါင်းဆောင် စတမ်မာအနေနဲ့ ထိရောက်မှုမရှိတဲ့ မူဝါဒချမှတ်တာက နိုင်ငံရေးကျဆုံးခြင်းရဲ့ အကြောင်းရင်းပဲလို့ ဝေဖန်ခဲ့ပါတယ်။
“သူဟာ အလွန်အရေးကြီးတဲ့ ဘာသာရပ်နှစ်ခုဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ စွမ်းအင်မှာ ညံ့ဖျင်းစွာ ကျရှုံးခဲ့ပါတယ်” လို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။
ထရမ့်ပ်က မြောက်ပင်လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးလိုင်စင်အသစ်တွေ ထုတ်ပေးတာကို ရပ်ဆိုင်းထားတာကို ပြန်ပြင်ဖို့ ဗြိတိန်အစိုးရကို အကြိမ်ကြိမ်တိုက်တွန်းခဲ့ပြီး ဗြိတိန်ရဲ့ လေစွမ်းအင်စက်ရုံတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်ကို ဖော်ဖော်ရွေရွေနဲ့ အကူအညီပေးနိုင်တဲ့ သူ့ရဲ့ စွမ်းရည်ကြောင့် “ထရမ့်ပ်ရဲ့ တိုးတိုးတိတ်တိတ်ပြောဆိုသူ” လို့တောင် တစ်ချိန်က နာမည်ပြောင်ပေးခံခဲ့ရတဲ့ စတမ်မာဟာ အီရန် စစ်ပွဲနဲ့ပတ်သက်ပြီး ထောက်ခံမှုမပေးလို့ အမေရိကန်သမ္မတရဲ့ ငြိုငြင်ကြိမ်းမောင်းမှုကိုတော့ မကြာသေးခင်က ခံခဲ့ရတာပါ။
ယူကေမီဒီယာတွေမှာလည်း စတမ်မာဟာ ဇွန်လ ၂၂ ရက်မှာ ရာထူးမှ နုတ်ထွက်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပြီး မကြာသေးမီက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မန်ချက်စတာမြို့တော်ဝန်ဟောင်း အန်ဒီဘန်ဟမ် (Andy Burnham) ကို ဝန်ကြီးချုပ်နေရာဆက်ခံဖို့ ထောက်ခံသူတွေ ရှိနေပါတယ်။
Ref- CNN
