၂၂.၆.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်အစီးရေ ရှစ်သောင်းကျော်ကို တရားဝင်မှတ်ပုံတင်ပေး၍ မရကြောင်းနှင့် ၎င်းအစား တရားဝင်တင်သွင်းခွင့်ပြုထားသည့် သုံးဘီးဆိုင်ကယ်များ တင်သွင်းလာပါက ဥပဒေနှင့်အညီ ခွင့်ပြုပေးသွားမည်ဟု တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဇွန် ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားခဲ့သည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းမေးမြန်းသည့် “လွန်ခဲ့သည့် (၈)နှစ်ခန့်မှ ရန်ကုန်မြို့တွင် ပြေးဆွဲသွားလာနေသော ဘေးတွဲယာဉ်နှင့် ယာဉ်မောင်းများကို တရားဝင်လိုင်စင် ထုတ်ပေး၍ စနစ်တကျသွားလာခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ ” မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘေးတွဲဆိုင်ကယ် ခန့်မှန်းအစီးရေ ၈၂၃၅၄ စီးခန့် အသုံးပြုပြေးဆွဲနေသော်လည်း တရားဝင်တင်သွင်းခဲ့ခြင်းမရှိ၍ တရားဝင်မှတ်ပုံတင်ပေး၍ မရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးဘီးဆိုင်ကယ်အစီးရေမှာ ၇၂၆၀ စီးရှိပြီး အဆိုပါစာရင်းမှာ Baja၊ ဒေါင်ဖန်း၊… စသည့် သုံးဘီးအမျိုးအစားများလည်း ပါဝင်ပါကြောင်း၊ ရိုးရိုးသုံးဘီးဆိုင်ကယ်များအား (ခ) ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနိုင်ခွင့်ပြုပြီး ၁၇၃၉ ဦးအား လိုင်စင်ထုတ်ပေးပြီးဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။


ထို့ပြင် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များအစား တရားဝင်တင်သွင်းခွင့်ပြုထားသည့် သုံးဘီးဆိုင်ကယ်များ အစားထိုးတင်သွင်းလာပါက ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ ကညနဥပဒေနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဆက်လက်ဖြေကြားခဲ့သည်။
“ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်အစီးရေ ၈၂၃၅၄ ခန့်အစား တရားဝင်တင်သွင်းခွင့်ပြုထားသည့် အထက်ဖော်ပြပါ သုံးဘီးဆိုင်ကယ်များ အစားထိုးတင်သွင်းလာပါက ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ကညန၏ ဥပဒေနဲ့အညီ ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု လုံ/နယ် ဝန်ကြီးက ဖြေကြားခဲ့သည်။
ဆက်လက်၍ လုံ/နယ် ဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းသော မော်တော်ဆိုင်ကယ်များနှင့် ပြည်တွင်း၌ SKD စနစ်ဖြင့်ထုတ်လုပ်သော မော်တော်ဆိုင်ကယ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သတ်မှတ်အထောက်အထားများပြည့်စုံပါက မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဧပြီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် ၁၁၈၉၈၈ စီးနှင့် သုံးဘီးတပ်ယာဉ်၊ သုံးဘီးဆိုင်ကယ် ၇၂၆၀ စီးအား မှတ်ပုံတင်ပေးခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းမှအပ တစ်နိုင်ငံလုံးမှာ မောင်းနှင်နိုင်ကြောင်း ဖြေကြားခဲ့သည်။
အဆိုပါ ဘေးတွဲဆိုင်ကယ်များကို ၂၀၁၃ ခုနှစ်ခန့်က ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့များနှင့် ပင်လယ်ကမ်းခြေဒေသများတွင် ပစ္စည်းသယ်ယူခြင်းအတွက် စတင်သုံးစွဲခဲ့ပြီး နယ်မြေနီးစပ်မှုရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့များ၏ ဆင်ခြေဖုံးနေရာများသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း၊ ယခင် လူစီးဆိုက္ကားနေရာတွင် လူစီးဘေးတွဲမော်တော်ဆိုင်ကယ်အဖြစ်လည်းကောင်း၊ ကုန်တင်တွန်းလှည်းနေရာတွင် လူစီးဘေးတွဲမော်တော်ဆိုင်ကယ်အဖြစ်လည်းကောင်း ဒေသန္တရအလုပ်ရုံ ဝပ်ရှော့များမှာ တရားမဝင်ပြုပြင်၍ အစားထိုး ပြောင်းလဲသုံးစွဲလာခဲ့ခြင်းဖြစ်ကြောင်း လုံ/နယ်ဝန်ကြီး ဖြေကြားချက်အတွင်း ဖော်ပြထားသည်။

