၂၂.၆.၂၀၂၆
Written by Nay Yaung Lin
လုံခြုံရေး စနစ်တကျဆောင်ရွက်ပေးလျက်ရှိသဖြင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြုနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၂၂ ရက်၊ နံနက်ပိုင်းက ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ယနေ့ နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆဌမနေ့တွင် ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် ဒေါ်ဆွေဆွေဝင်း၏ ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲခွင့်ပြုပါရန် အစီအစဉ်ရှိ/ မရှိမေးခွန်းကို တိုင်းဒေကြီး ဝန်ကြီး ဒေါက်တာမျိုးသော်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါက်တာမျိုးသော်က “ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတား လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ၏ သဘောထားများအရ နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေး စနစ်တကျဆောင်ရွက်ပေးလျက်ရှိသဖြင့် ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲဖြတ်သန်းခွင့်ကို ခွင့်ပြုပေးနိုင်ပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။


မြန်မာ-ကိုရီယား ချစ်ကြည်ရေးတံတား (ဒလ) လက်ရှိဖြတ်သန်းသွားလာခွင့်ပြုထားသည့် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိသာ ခွင့်ပြုထားခြင်းကြောင့် ဒလမြို့နယ် အပါအဝင် တွံတေးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဒေသခံပြည်သူများအတွက် ကျန်းမာရးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များနှင့် လူမှုရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များအတွက် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းရခြင်းဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းက တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။

