၁၅.၆. ၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ ကင်းဝန်မင်းကြီးလမ်းရှိ SQI အထည်ချုပ်စက်ရုံရှိ အဝတ်လှမ်းခန်းတွင် ဇွန်လ ၁၄ ရက် နံနက် ၆ နာရီက ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ Aircon Safeguard အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၂၀၊ အနံ ပေ ၂၂၀ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ၁ ထပ်ရှိ အလျား ပေ ၃၀၊ အနံ ပေ ၆၀ ရှိ အဝတ်လှန်းခန်းတွင် ဖြစ်ပွားခဲ့ပြီး Aircon Safeguard အပူလွန်ကဲရာမှ မီးပွားထွက်ကာ အောက်ရှိအထည်များပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိနစ် ၅၀ နီးပါး လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် တန်းချိတ်အဝတ်အထည် ၅၀ ခန့်၊ ပါကင်ပုံးများ၊ အဲယာကွန်း၊အတွင်းပစ္စည်းများနှင့် အလျားပေ ၃၀၊ အနံပေ ၆၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ၁ ထပ် အဝတ်လှန်းခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၉ စီး၊အထောက်အကူပြုယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၄၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အထည်ချုပ်စက်ရုံမီးလောင်မှုနှင့်ပတ်သက်၍ စက်ရုံ HR မန်နေဂျာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
