၁၅.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်လည်သိမ်းဆည်းထားသော စိုက်ပျိုးမွေးမြူရေး မြေနေရာများအား အမှန်တကယ် စိုက်ပျိုးမွေးမြူလိုသူများအတွက် တရားဝင်လျှောက်ထား၍ စိုက်ပျိုးမွေးမြူခွင့်အား ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိနှင့်ပတ်သက်သည့် မေးခွန်းကို လှည်းကူးမြိုနယ် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်မျိုးနိုင်က ဇွန် ၁၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က သတ်မှတ်ထားသည့်လျှောက်လွှာများတွင် ဖြည့်စွက်၍ မည်သူမဆိုလျှောက်ထားခွင့်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၃.၄. ၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၆ ဖြင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ ပြန်လည်သိမ်းဆည်းခြင်းကို အမိန့်ထုတ်ပြန်၍ လေးနှစ်အတွင်း သတ်မှတ်လုပ်ငန်းများ မလုပ်ကိုင်သော မြေနေရာများအား လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သတ်မှတ်စိုက်ပျိုးမွေးမြူခြင်းမရှိသော မြေနေရာအချိုလည်း ပါဝင်နေကြောင်း တွေ့ရှိရပါတယ်ခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မေးမြန်းလိုသည်မှာ (က) လေးနှစ်အတွင်း လုပ်ကိုင်ခြင်းမရှိသည့် မြေနေရာများအား ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်လည်သိမ်းဆည်းထားသော မြေနေရာများတွင် အမှန်တစ်ကယ် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်လိုသူများအတွက် တရားဝင်လျှောက်ထားစေ၍ သတ်မှတ်နည်းလမ်းများအတိုင်း လုပ်ကိုင်ခွင့်ပြုရန် အစီအစဉ်ရှိ မရှိကို မေးမြန်းလိုပါတယ်ခင်ဗျာ။ (ခ) အစီအစဉ်ရှိပါက မည်သည့်ဌာနတွင် လျှောက်ထားရန်နှင့် အစိုးရထံသို မည်၍ မည်မျှ သတ်မှတ်ခွန်ပေးသွင်းရမည်ကို သိရှိလိုပါတယ်” မေးမြန်းပြောကြားခဲ့သည်။
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် ပြန်လည်ဖြေကြားရာတွင် ၂၀၁၈ ခုနှစ် မြေလွတ်မြေရိုင်းနှင့် မြေယာစီမံခန့်ခွဲရေးနည်းဥပဒေ ၄ အရ မြေလွတ်မြေရိုင်းများနှင့်လုပ်ပိုင်ခွင့် အသုံးပြုခွင့်လျှောက်ထားရာတွင် နည်းဥပဒေ ၅ နှင့်အညီ လျှောက်ထားနိုင်ကြောင်း၊ ယင်းသို့လျှောက်ထားရာတွင် ဧက ၃၀၀ အထက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည်ဆိုလျှင် ဗဟိုကော်မတီကို လျှောက်ထားရဖြစ်ကြောင်း၊ မွေးမြူရေးအတွက် ဧက ၅၀ နှင့် အထက်လုပ်ကိုင်မည်ဆိုလျှင်လည်း ဗဟိုကော်မတီကိုလျှောက်ထားရမည်ဖြစ်ကြောင်း၊ ဧက ၃၀၀ အောက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည်ဆိုလျှင် တိုင်းဒေသကြီးသို့ လျှောက်ထားရမည်ဖြစ်ပြီး တိုင်းဒေသကြီးမြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးကော်မတီကိုလျှောက်ထားရမည်ဖြစ်ကြောင်း၊ မွေးမြူရေးအတွက် ဧက ၅၀ အောက်လုပ်ကိုင်မည်ဆိုလျှင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးစီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
“ဒီလိုလျှောက်ထားတဲ့အခါမှာ လျှောက်ထားသူတိုဟာ ပထမဦးစွာမိမိတို့သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနကိုသွာရောက်ပြီးတော့ လျှောက်ထားလိုတဲ့ဧရိယာပမာဏ ဧကဘယ်လောက် စိုက်ပျိုးလိုတဲ့ဘယ်သီးနှံ နေကြာ၊ ပြောင်းစသဖြင့် အမျိုးအစားစုံလင်စွာဖော်ပြပြီး သတ်မှတ်ထားတဲ့လျှောက်လွှာမှာ ဖြည့်စွက်ပြီးတော့ ရန်ကုန်တိုင်းဆိုရင် ရန်ကုန်တိုင်းဒေသကြီး မြေလွတ်မြေရိုင်းနဲ့စီမံခန့်ခွဲရေးကော်မတီ၊ ဧက ၃၀၀ ကျော်သွားရင် ပြည်ထောင်စုအဆင့် မြေလွတ်မြေရိုင်းများ ဗဟိုကော်မတီကို လျှောက်ထားရမှာဖြစ်ပါတယ်။ မည်သူမဆိုလျှောက်ထားခွင့်ရှိပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာထူးမောင်က ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေလွတ်၊ မြေလပ် မြေရိုင်းနှင့်စပ်လျဉ်းပြီး စည်းကမ်းချက် သတ်မှတ်ကာလ လေးနှစ်ပြီးမြောက်သည့်အချိန်အထိ မြေပြင်တွင် အမှန်တစ်ကယ် စိုက်ပျိုးလုပ်ကိုင်အသုံးပြုမှုမရှိသည့် မြေများကို မတ်လ ၃၁ ရက်ပါ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်သူ ၁၇ ဦး၏ မြေလွတ်မြေရိုင်းဧက ၄၃၉ ဧကကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်ဖြစ်ကြောင်း သိရသည်။




