◾ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတနှင့် တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းတာဝန်ရှိသူများ အပြန်အလှန်ဆွေးနွေးပြောကြား
သတိုး
၁၅. ၆. ၂၀၂၆
တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပေကျင်းမြို့ရှိ Beijing Aerospace City သို့ ယနေ့ညနေပိုင်းတွင် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ကနဦးတွင် တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းက Beijing Aerospace City နှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားပြီးနောက် ပြခန်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်။ ထိုသို့ ရှင်းလင်းပြသစဥ် နိုင်ငံတော်သမ္မတနှင့် တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းတာဝန်ရှိသူများက မြန်မာ – တရုတ် နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်လိုကြောင်း အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။
Beijing Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသုတေသန၊ အာကာသယာဉ်မှူး လေ့ကျင့်ရေးနှင့် မစ်ရှင်ကွပ်ကဲမှုများပြုလုပ်ရာ အဓိကအချက်အချာကျသည့် အာကာသသိပ္ပံမြို့တော်ကြီးဖြစ်သည်။
ပေကျင်းမြို့၏ အနောက်မြောက်ဘက် Haidian ခရိုင်၊ Tangjialing အရပ်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၂ ဒသမ ၃ စတုရန်းကီလိုမီတာ (ဧက ၅၇၀ ကျော်) ခန့် ကျယ်ဝန်းသည်။ ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသစီမံကိန်း (Project 921) ကို ပံ့ပိုးရန် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တရားဝင် စတင်လည်ပတ်ခဲ့သည်။
Beijing Aerospace City အတွင်း အဓိကအစိတ်အပိုင်းကြီးများအဖြစ် Beijing Aerospace Control Center (BACC)၊ Astronaut Center of China (ACC) နှင့် Space Science and Technology Research Hub တို့ဖြင့် အဓိကလည်ပတ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေခြင်းဖြစ်သည်။






