၁၅.၆.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဇွန်လ ၁၃ ရက် ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်သူကို ကားဖြင့်ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးခဲ့သော ယာဥ်မောင်းကို ညတွင်းချင်း ပြန်လည်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အသက် ၃၂ နှစ်အရွယ် စိုင်းအခုန်းက Ford Ranger အမျိုးအစားအဖြူရောင်မော်တော်ယာဥ်ကို မောင်းနှင်လာစဥ် ရှေ့တွင်မောင်းနှင်နေသော နောက်ဆွဲလှည်းပါသည့် ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့ပြီး ၎င်းက ကြောက်လန့်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။
မော်တော်ယာဥ်အတိုက်ခံရသည့် ဆိုင်ကယ်မောင်းသူ ကိုအောင်နိုင်ဝင်းမှာ ဦးခေါင်းနှင့်ခန္ဓာကိုယ်အနှံ့တွင် ပြင်းထန်ဒဏ်ရာများရရှိကာ တာချီလိတ်ပြညိသူ့ဆေးရုံတွင် ကုသနေစဥ်သေဆုံးခဲ့သည်။
အဆိုပါယာဥ်တိုက်မှုကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများ၊ ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက်ကို စုံစမ်းစစ်ဆေးရာမှ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင်(၃)လမ်းရှိ နေအိမ်တစ်လုံးတွင် ကျူးလွန်သူကို မော်တော်ယာဥ်နှင့်အတူ ဇွန်လ ၁၃ ရက် ည ၁၀ နာရီခန့်က ဖမ်းမိခဲ့ကြောင်း သိရသည်။
လူတစ်ဦးကို သေဆုံးသည်အထိ ယာဥ်တိုက်မှုကျုးလွန်ခဲ့သူ စိုင်းအခုန်းကို တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
