၁၅.၆.၂၀၂၆
Written By Thandar
သရုပ်ဆောင် အေးသန္တာဗိုလ် (ခ) ဗိုလ်ရစ်ရဲ့ ယနေ့ ဇွန်လ ၁၅ ရက် မှာကျရောက်တဲ့ မွေးနေ့အလှူအဖြစ် ခေမာသီဝန်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၄၅ ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းရှိ ခေမာသီဝန်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဗိုလ်ရစ်မွေးနေ့မှာ အလှူလုပ်ဖြစ်တာကတော့ အစကတော့ အပြင်မှာ ခုနှစ်ရက်သားသမီး အလှူလေးလုပ်ဖို့ တွေးမိတာပါ။ မေမေကတော့ ဘုန်းကြီးကျောင်းမှာ လှူချင်တဲ့ဆန္ဒလေးရှိတာမို့ ခုလိုအလှူပွဲလေး လုပ်ဖြစ်တာပါ။ ကိုယ့်ရဲ့ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ အလှူလေးလုပ်ချင်တယ်။ အပြင်မှာလှူဖြစ်တာတွေရှိတာမို့ ဒီနှစ်ကတော့ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေ အနုပညာရှင်တွေကို ဖိတ်ကြားပြီးတော့ အလှူလုပ်ဖြစ်တာပါ။ ကျောင်းတက်ချိန်မှာလုပ်တဲ့ မွေးနေ့ပဲလုပ်ဖြစ်ခဲ့တာပါ။ အနုပညာစလုပ်ချိန်မှာ တခြားအလှူလေးပဲလုပ်ဖြစ်ခဲ့တာပါ။ ဘုန်းကြီးကျောင်းမှာ လုပ်ဖြစ်တဲ့အလှူလေးကတော့ ပထမဦးဆုံး ဗိုလ်ရစ်ရဲ့ မိတ်ဆွေ အနုပညာမောင်နှမတွေနဲ့ လုပ်ဖြစ်တာပါ”လို့ သရုပ်ဆောင် အေးသန္တာဗိုလ်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ဇော်ရှိုင်းထက်၊ မှူးထိပ်ထား၊ စိန်ဌေးထုတ်လုပ်ရေးက ဦးဝင်းကြည်တို့ တက်ရောက်ခဲ့ကြပါတယ်။ သူမရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘုရားအမှူးထားပြီး ခေမာသီဝန်ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော် အရှင်သူမြတ်တွေကို သင်္ကန်း၊ ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး တရားတော်နာယူကာ ရေးစက်သွန်းချလှူဒါန်းခဲ့ပါတယ်။
ဆက်လက်ပြီး အေးသန္တာဗိုလ်ကတော့ ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော် ၄၅ ပါး နေ့ဆွမ်းကပ်လှူခဲ့ပြီး မွေးနေ့ကိတ်ခွဲခဲ့ကြပါတယ်။
#အေးသန္တာဗိုလ် #ဗိုလ်ရစ် #AyeThandarBo #ဇာတ်မင်းသမီး #သရုပ်ဆောင် #CelebrityBirthdayDonation #မွေးနေ့အလှူ #BirthdayDonation










