၁၅.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့၊ ကန်တော်ကြီးရေပြင်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများ ပူးပေါင်း၍ ရေပြင်ကူညီကယ်ဆယ်ရေး လေ့ကျင့်မှုများ ဇွန် ၁၅ ရက်က စတင်၍ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေပြင်ကူညီကယ်ဆယ်ရေးလေ့ကျင့်မှုများကို ဇွန် ၁၉ ရက်အထိ ပြုလုပ်သွားရန်ရှိပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့ ၁၀၀ ကျော်ခန့် ပါဝင်လေ့ကျင်လျက်ရှိကြောင်း လာရောက်လေ့ကျင့်နေသည့် လူမှုကူညီရေးအသင်းတစ်ခုမှ သိရသည်။
“ဇွန် ၁၅ ရက်ကနေ ဇွန် ၁၉ ရက်အထိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့တွေလည်း ပါဝင်လေ့ကျင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားလာတဲ့အခါ လျင်လျင်မြန်မြန်နဲ့ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်သွားနိုင်ဖို့ကို ဆရာတွေနဲ့သင်ကြားပြသမှုနဲ့ အဓိကလေ့ကျင့်သွားမှာဖြစ်ပါတယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။









