“ပျောက်ဆုံးနေသူများလည်းရှိ၍ သေဆုံးသူ စာရင်း ထပ်တိုးနိုင်ဟုဆို”

၁၅.၆.၂၀၂၆
Written By Min Thet
အကြမ်းဖက် AA အဖွဲ့ ယာယီစိုးမိုးထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေမှောက်၍ လူ ၈ ဦး သေဆုံးကြောင်း ကနဦး သိရသည်။
ယနေ့ ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက စမ်းမတွိချောင်း၊ ပုဏ္ဏားကျွန်း ကြိုးတံတားအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ကြောင်းနှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ယင်း စက်လှေမှာ ရသေ့တောင်မြို့နယ်၊ မစဲကမ်းကျေးရွာမှတစ်ဆင့် ကျောက်တော်မြို့သို့ ဈေးဝယ်ရန် ခရီးသည် ၃၄ ဦး တင်ဆောင်မောင်းနှင်လာစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရီးသည် ၃၄ ဦးထဲမှ အသက်ရှင်လျက် ၂၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ရာ အမျိုးသား ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ပုဏ္ဏားကျွန်းဆေးရုံသို့ တင်ထားရကြောင်း သိရသည်။
လက်ရှိတွင် ပျောက်ဆုံးနေသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ကြောင်း သိရသည်။
ယခု စက်လှေတိမ်းမှောက်သည့် ပုဏ္ဏားကျွန်းမြို့နယ်ဆိုသည်မှာ AA အကြမ်း ဖက်အဖွဲ့၏ ယာယီထိန်းချုပ်ထားရာ မြို့နယ်ဖြစ်ပြီး ဒေသခံများ လူမှုစီးပွားရေး နိမ့်ကျလာနေသည့် မြို့နယ်လည်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လေပြင်းတိုက်ခြင်း၊ လှိုင်းကြီးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်းတို့မှာ ယခုကဲ့သို့ မိုးဦးကာလတွင် ဖြစ်တတ်သည့်အတွက် စက်လှေ တိမ်းမှောက်ခြင်းလည်း မကြာခဏ ဖြစ်ပေါ်တတ်ကြောင်းလည်း သိရသည်။
