◾️ ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများက မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် စံပြမော်ဒယ်တစ်ခု ဖြစ်လာနိုင်
သတိုး
၉. ၆. ၂၀၂၆
ပြီးခဲ့သည့်နှစ်က ထိုင်းအစိုးရသည် အလုပ်အကိုင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည့် မြန်မာဒုက္ခသည် ၅,၅၀၀ ကျော် အလုပ်အကိုင် ရရှိခဲ့ကြကြောင်းနှင့် ယင်းချဉ်းကပ်ပုံနည်းလမ်းသည် ဒေသတွင်းအတွက် စံနမူနာပြတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဤခြေလှမ်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့ကျလာခြင်းကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က နိုင်ငံခြားအကူအညီများကို ဖြတ်တောက်ခဲ့ခြင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပိုမိုဆိုးရွားလာသည့် လုပ်သားရှားပါးမှုပြဿနာကို ရင်ဆိုင်နေရခြင်းတို့ကြောင့် ဖြစ်သည်။
ရလဒ်အနေဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ခန့်ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ဤမူဝါဒအပြောင်းအလဲသည် နှစ်ပေါင်းများစွာ နယ်စပ်တစ်လျှောက်ရှိ ခိုလှုံရာစခန်း ၉ ခုတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ မှီခိုပြီး ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသည့် လူဦးရေအတွက် အလွန်အရေးပါသည့် အပြောင်းအလဲတစ်ခု ဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအဆင့်မြင့်မဟာမင်းကြီးဖြစ်သူ ရာအူးဖ် မာဇူး (Raouf Mazou) က ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှုများသည် ကာလရှည်ကြာ ရွှေ့ပြောင်းနေထိုင်ရမှုပြဿနာနှင့် လုံးပန်းနေရသည့် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများအတွက် စံပြပုံစံတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဤချဉ်းကပ်ပုံသည် ဒုက္ခသည်ဦးရေ အမြောက်အမြားကို လက်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားကဲ့သို့သော နိုင်ငံများအတွက် သင်ခန်းစာများ ပေးနိုင်မည်ဖြစ်ပြီး ဒုက္ခသည်များသည် ဥပဒေကြောင်းအရ အကာအကွယ်နှင့် အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိနေစဉ်မှာပင် စီးပွားရေးကဏ္ဍတွင် မည်သို့ပံ့ပိုးကူညီနိုင်သည်ကို ပြသနေသည်။
“ဒီနေရာမှာသာ အောင်မြင်သွားမယ်ဆိုရင် ဒေသတွင်းအပေါ် သက်ရောက်မှုရှိလာမှာပါ” ဟု မာဇူးက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်ကို အောက်တိုဘာလတွင် စတင်ခဲ့ပြီးကတည်းက ထိုင်းအာဏာပိုင်များသည် ဒုက္ခသည်အလုပ်သမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှုနှင့် အနည်းဆုံး လုပ်ခလစာတို့ကို ရရှိစေရန်အတွက် အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မာဇူးက ဆိုသည်။
ဤအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒုက္ခသည်များသည် ဘဏ်အကောင့်ဖွင့်လှစ်နိုင်ရန်၊ မိုဘိုင်းဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန်နှင့် ၎င်းတို့၏ တရားဝင်ရပ်တည်မှုကို အတည်ပြုနိုင်ရန်အတွက် အထူးသက်သေခံကတ်ပြားများကို ရရှိကြမည်ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်များသည် ၎င်းတို့အား ထိုင်းနိုင်ငံ၏ တရားဝင်စီးပွားရေးစနစ်အတွင်းသို့ ပေါင်းစည်းရန်အတွက် အလွန်အရေးကြီးကြောင်း မာဇူးက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအရာရှိများ၏ လက်ရှိခေတ်ရေစီးကြောင်းအပေါ် ခန့်မှန်းချက်များအရ လာမည့်နှစ်အတွင်း ဒုက္ခသည် ၁၀,၀၀၀ မှ ၂၀,၀၀၀ ကြား အလုပ်အကိုင်များ ရရှိနိုင်မည်ဟု မျှော်လင့်ရသော်လည်း တိုးတက်မှုနှုန်းအရှိန်မှာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အလုပ်အကိုင်များကို လက်တွေ့ကျကျ ရယူနိုင်မှုအပေါ်တွင် မူတည်နေသည်။
သို့သော်လည်း ဒုက္ခသည်များသည် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချက်များနှင့် ဒုက္ခသည်စခန်းများတွင် အကူအညီများကိုသာ မှီခိုပြီး ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီးနောက် လူနေမှုဘဝသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမည့် နည်းလမ်းများကို ရှာဖွေရခြင်းစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မာဇူးက ပြောကြားခဲ့သည်။
“မိမိကိုယ်ကိုယ် ပြန်လည်ရပ်တည်နိုင်ခြင်းဟာ လူတွေကို သူတို့ရဲ့ မူလမိခင်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ ပြင်ဆင်ပေးရာ ရောက်သလို အခြားနေရာတစ်ခုခုမှာ ပြန်လည်အခြေချနေထိုင်ရင်ပဲဖြစ်ဖြစ်၊ လက်ရှိရောက်နေတဲ့ နေရာမှာပဲ သဟဇာတဖြစ်အောင် နေထိုင်ရင်ပဲဖြစ်ဖြစ် သူတို့ကို ကူညီပေးရာ ရောက်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: Reuters
