MT News
၁၃.၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး ◾ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ကို ပြည်သူလူထုတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ခဲ့ပြီးတဲ့နောက် နိုင်ငံတော်အဆင့်ခရီးစဉ်တွေ အောင်မြင်စွာသွားရောက်ခဲ့တယ်။ အခု ကမ္ဘောဒီးယားနိုင်ငံက ရှစ်နိုင်ငံမြောက် နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်ပါတယ်။ အောင်မြင်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် ခရီးစဉ်အောင်မြင်မှုတွေထဲက ထူးခြားတဲ့အချက်တွေကို သိပါရစေ။
ဖြေ ◾ နိုင်ငံတော်သမ္မတကြီးက သမ္မတအဖြစ် တာဝန်ယူပြီးတဲ့အချိန်ကစပြီး ရှစ်နိုင်ငံ မြောက်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ လေးနိုင်ငံမြောက်ပါ။ အထူးသဖြင့် ကုန်းတွင်းကုန်းမြေရှိတဲ့ ဆက်စပ်နေတဲ့အာဆီယံနိုင်ငံတွေပါ။ အထူးခြားဆုံးအောင်မြင်မှုနှစ်ခုကို ပြောရမယ်ဆိုရင် ပထမတစ်ခုကကြိုဆိုတာပါ။ ဒီကြိုဆိုတဲ့နေရာမှာ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ တကယ့်ကိုမိသားစုအရင်းအချာတစ်ယောက် ကိုယ့်အိမ်ကိုပြန်လာတဲ့ပုံစံမျိုးနဲ့ ကြိုဆိုတာပါ။ တကယ်တော့ ဒါက State Visit ပါ။ State Visit မှာ နိုင်ငံတော်အကြီးအကဲတစ်ယောက် ကိုယ့်နိုင်ငံကိုလာရောက်တဲ့အချိန်မှာ ကြိုတဲ့ပုံစံမျိုးထက်ထူးကဲပြီးတော့ ကိုယ့်မိသားစုအရင်းအချာ အိမ်ကိုပြန်လာတဲ့ပုံစံမျိုးနဲ့ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ပြီးတော့ ကြိုဆိုတဲ့ပြည်သူတွေကလည်း တကယ့်ကို လှိုက်လှဲနွေးထွေးတာကို တွေ့ရပါတယ်။
ဒုတိယတစ်ချက်ကတော့ ရပ်တည်ချက်ပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အာဆီယံမှာ မြန်မာနိုင်ငံကို ဖယ်ကြဉ်ထားတာမျိုး၊ အဆင့်နှိမ့်ပြီးဆက်ဆံတာမျိုး ဒါကို လုံးဝလက်မခံပါဘူး။ မြန်မာနိုင်ငံက အာဆီယံမိသားစုတွေထဲမှာ ဆက်ပြီးတော့တည်ရှိရပါမယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြောသွားပါတယ်။ ဒီလိုပြောတာက အခုလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံအတွက် တကယ့်အားတက်စရာအနေအထားမျိုးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
မေး ◾ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံတဲ့အချိန်မှာ အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံဘက်ကနေ အစဉ်အမြဲရပ်တည်ပေးမယ်လို့ ပြောခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကမ္ဘောဒီးယားနိုင်ငံက အစဉ်အမြဲအားပေးထောက်ခံပြီး ဆောင်ရွက်ပေးမယ်လို့ ပြောတာလည်းရှိပါတယ်။ လက်ရှိခရီးစဉ်က အာဆီယံအရေး၊ ငြိမ်းချမ်းရေး၊ သံတမန်ရေးအတွက် ဘယ်လောက်ထိ အောင်မြင်မှုတွေရရှိခဲ့တယ်ဆိုတာလဲ သိပါရစေ။
ဖြေ ◾ ဒီခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲ မစ္စတာ ဆမ်ဒက် ဟွန်ဆင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုတိုင်းမှာ နိုင်ငံ့အကြီးအကဲတွေက ကျွန်မတို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတယ်လို့ပြောတယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်းအားပေးတယ်။ အာဆီယံမှာ၊ နိုင်ငံတကာအသိုက်အဝန်းမှာ ပြန်လည်ဝင်ဆံ့ဖို့၊ သင့်မြတ်ဖို့ ကျွန်မတို့ကြိုးစားနေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း အသိအမှတ်ပြုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့မှာ ကျွန်မတို့နိုင်ငံ မူလအတိုင်းပြန်လည်ပြီး တက်တက်ကြွကြွပါဝင်လာစေဖို့ အပြည့်အဝထောက်ခံသွားမယ်၊ နိုင်ငံတကာမျက်နှာစာမှာလည်း အပြည့်အဝထောက်ခံသွားမယ်။ ဒီလိုအနေအထားတွေက အာဆီယံသုံးနိုင်ငံ သွားခဲ့တုန်းကလည်း ဒီအတိုင်းပါပဲ။ အခု လေးနိုင်ငံမြောက်မှာလည်း သုံးနိုင်ငံသွားခဲ့တုန်းကလို ဒီအတိုင်း ကျွန်မတို့ကိုပြောခဲ့ပါတယ်။ အခု စတုတ္ထမြောက်နိုင်ငံမှာလည်း အာဆီယံနဲ့ပတ်သက်လို့ အပြည့်အဝထောက်ခံသွားမယ်၊ ကျွန်မတို့ရဲ့ရပ်တည်ချက်၊ မြန်မာနိုင်ငံအတွက် မြန်မာ့နည်းလမ်းနဲ့သွားမယ်ဆိုတဲ့ရပ်တည်ချက်ကို အပြည့်အဝထောက်ခံပါတယ်ဆိုပြီး ပြောသွားတာပါ။ ဒါက ကျွန်မတို့နိုင်ငံ ရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေမှာ၊ နောက်တစ်ခါ အာဆီယံနဲ့ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေမှာ အများကြီးအထောက်အကူဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။

မေး ◾ နိုင်ငံတော်သမ္မတကြီးရဲ့ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက် လက်တွေ့အကျိုးရလဒ်အနေနဲ့ အမြန်ဆုံးတွေ့မြင်ရမယ့်အချက်ကိုလည်း သိပါရစေ။
ဖြေ ◾ လက်တွေ့အမြန်ဆုံး တွေ့မြင်ရမယ့်အချက်ကတော့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းပါ။ Siem Reap နဲ့ ပုဂံဒေသက ညီအစ်မမြို့တော် (Sister City) ပါ။ ဒါကို ဆက်ပြီးဆောင်ရွက်သွားဖို့၊ နောက်တစ်ခါ Two Countries, One Destination ကိုလည်း ဆက်ပြီးအကောင်အထည်ဖော်သွားဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်။
တိုက်ရိုက်လေကြောင်းလိုင်းတွေ တိုးချဲ့ပျံသန်းဖို့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်ပစ္စည်းတချို့၊ နောက်တစ်ခါ စက်မှုထွက်ကုန်ပစ္စည်းတချို့ ကမ္ဘောဒီးယားနိုင်ငံကို ကုန်သွယ်မှုလုပ်ဖို့၊ တင်ပို့ဖို့အတွက်လည်း ဆွေးနွေးခဲ့တာရှိပါတယ်။
နောက်တစ်ချက်က နိုင်ငံတော်သမ္မတကြီးက ဟိုချီမင်းကနေ ဖနောင်ပင်၊ ဖနောင်ပင်ကနေ ဗန်ကောက်၊ ဗန်ကောက်ကနေမှ ထားဝယ်ရေနက် ဆိပ်ကမ်း၊ ဒီအပေါ်မှာ လမ်းကြောင်းဆွဲပြီးရင် အိန္ဒိယ သမုဒ္ဒရာနောက်ဘက်ထွက်ပေါက်ကို တိုက်ရိုက်ဒေသတွင်းနိုင်ငံတွေ ဖြတ်သန်းသွားလို့ရမယ့်လမ်းကြောင်းကို Propose လုပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကလည်း ဒီလမ်းကြောင်းကို စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အိန္ဒိယနိုင်ငံကို ပစ္စည်းတွေ ပို့ချင်တယ်၊ အိန္ဒိယနိုင်ငံကနေ ပစ္စည်းတွေသွင်းချင်တယ်၊ ကုန်သွယ်မှုလုပ်ချင်တယ်။ အဲဒီအတွက် ကုန်းလမ်းကြောင်းကို အသုံးပြုချင်တယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းကို စိတ်ဝင်စားပါတယ်၊ ဆက်လက်ဆွေးနွေးပါ့မယ်ဆိုပြီး ဆွေးနွေးခဲ့ကြတာ ရှိပါတယ်။
မေး ◾ နိုင်ငံတော်သမ္မတအနေနဲ့ ထိုင်းနိုင်ငံကိုလည်းသွားရောက်ခဲ့ပြီးပြီ၊ အခုလည်း လေးနိုင်ငံမြောက် အာဆီယံနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားကိုသွားရောက်ခဲ့တယ်။ လက်ရှိ ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ညှိနှိုင်းရမယ့် နယ်စပ်ပြဿနာအချို့ ရှိနေတယ်။ ဒီအပေါ်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို သိပါရစေ။
ဖြေ ◾ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့က နယ်စပ်ပြဿနာတွေရှိနေပါတယ်။ ဒါကို နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အချိန်မှာဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ နိုင်ငံတော်သမ္မတကြီးက အိမ်နီးချင်းဆိုတာ ရွေးချယ်လို့မရဘူး၊ နိုင်ငံကြီးကိုရွှေ့ပြောင်းပြီးတော့ ထွက်သွားလို့မရဘူး၊ အဲဒီတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံနေရမှာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် သည်းခံရပါမယ်။ နယ်စပ်ပြဿနာဆိုတာ နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေမှာ အနည်းနဲ့အများရှိပါတယ်။ အရေးကြီးဆုံးကတော့ ဒါကို အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲ၊ ညှိနှိုင်းဆွေးနွေးပြီးတော့မှ Joint Committee တွေဖွဲ့ပြီး အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းသွားဖို့လိုပါတယ်။ အဓိကကတော့ ငြိမ်းချမ်းစွာနယ်စပ်ပြဿနာကို ဖြေရှင်းကြပါဆိုပြီး တိုက်တွန်းပြောကြားခဲ့ပါတယ်။
နောက်တစ်ခုက East-West Corridor ပါ။ စီးပွားရေးအတွက် လမ်းမကြီးတွေ၊ ရထားလမ်းတွေ တည်ဆောက်ဖို့ဆောင်ရွက်ရာမှာ ဒါက လေးနိုင်ငံ၊ ဗီယက်နမ်-ဟိုချီမင်းကနေ ကမ္ဘောဒီးယား ဖနောင်ပင်၊ အဲဒီကနေမှ ဗန်ကောက်ဆိုတော့ ဒါက နယ်စပ်ပြဿနာပြေလည်မှသာ ဒီလမ်းကြောင်းကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကိုသာ အကောင်အထည်ဖော်နိုင်ခဲ့ရင် ဒေသတွင်း ရထားလမ်း၊ ကားလမ်း လမ်းကြောင်းဖြတ်တဲ့နေရာက နိုင်ငံတွေအားလုံး အကျိုးရှိမှာဖြစ်ပါတယ်။ စီးပွားရေးအရ၊ လူမှုရေးအရ၊ ဆက်ဆံရေးအရ၊ ယဉ်ကျေးမှုအရ အားလုံးအကျိုးရှိမှာဖြစ်တဲ့အတွက် နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ ဒေသတွင်းအကျိုးစီးပွားကိုကြည့်ပြီး ပြေပြေလည်လည်ဖြစ်အောင် ဆောင်ရွက်ဖို့တိုက်တွန်းခဲ့ပါတယ်။
◾◾◾
