၁.၆.၂၀၂၆
Written By Thandar
အဆိုတော် ငုရည်သန့်ရဲ့ Dinner Party ပွဲအခမ်းအနားကို မေလ ၃၁ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ Two Two Five Entertainment မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ကိုယ့်မွေးနေ့မှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ သူငယ်ချင်းတွေ အကုန်ရောက်လာကြတယ်။ အကုန်လုံး ချစ်ခင်ပြီးရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်။ ငုရည်ကို တစ်နှစ်တစ်ခါ အမေက ငယ်ငယ်လေးကတည်းက လုပ်ပေးခဲ့တယ်။ မွေးနေ့မလုပ်တဲ့နှစ်ဆိုတာ မရှိခဲ့ဘူး။ မွေးနေ့ကိုငယ်စဉ်ကတော့ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့လုပ်တယ်။ ကြီးလာတော့ နယ်ပယ်အသီးသီးက မိတ်ဆွေတွေ ပိုများလာတယ်။ တစ်နှစ်လောက် မလုပ်ဘဲ နေမလားလို့။ မရဘူး။ မွေးနေ့နားကပ်ရင် မရဘူး။ အကုန် ဝိုင်းမေးကြတယ်။ တကယ်တော့ ငုရည်ရဲ့ မွေးနေ့က မေလ ၂ ရက်နေ့ကပါ။ အဲနေ့က သင်္ကြန်နဲ့ကပ်နေတာမို့ ဒီနေ့လေးမှာလုပ်ဖြစ်တာပါ။ မွေးနေ့ရက်မှာတော့ အလှူလေးလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။ အဓိက မွေးနေ့တိုင်းမှာ အလှူတွေလုပ်ရင်း ဖြတ်သန်းတာ များပါတယ်။ ဒီနှစ်ကတော့ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ လှူဒါန်းဖြစ်တယ်”လို့ အဆိုတော် ငုရည်သန့်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ဆိုတေး၊ ဉာဏ်လင်းအောင်၊ Dဖြိုး၊ သျှင်နေမင်း၊ ကိုဘိုစန်း၊ ဦးကြည်ဝင်း၊ ကျော်ကျော်နန္ဒ၊ ကိုသာဂိ၊ ပိုင်သစ်၊ လှမျိုးသဥ္ဇာနွယ်၊ ပွင့်၊ ရွှေထိုက်၊ ကျော်ကျော်အိန္ဒြာ စတဲ့သူများစွာ တက်ရောက်ခဲ့ကြပြီး အစားအသောက်တွေကို Buffet ကျွေးမွေးခဲ့ကြပါတယ်။
အဲဒီနောက် အဆိုတော်တွေဖြစ်တဲ့ ဆိုတေး၊ ဒီဖြိုး၊ ဉာဏ်လင်းအောင်၊ ပိုင်သစ်၊ ရွှေထိုက်၊ ခရစ္စတီးနား၊ ပွင့်၊ ငုရည်သန့် စတဲ့သူတွေက တေးသီချင်းတွေနဲ့ သီဆိုဖျော်ခဲ့ကြပြီး အမှတ်တရ မွေးနေ့ကိတ်ကို ခွဲခဲ့ကြပါတယ်။
ငုရည်သန့်ကတော့ မွေးနေ့တိုင်းမှာ တကယ်လိုအပ်နေတဲ့ စိတ်ကျန်းမာရေးဆေးရုံကြီး၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ မန္တလေးက ငလျင်အတွက် ဆန်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မကြာခင်မှာတော့ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တွေနဲ့ ပြန်ဆိုတေးတွေ ထွက်ရှိသွားမယ်လို့ သိရပါတယ်။
#ငုရည်သန့် #သျှင်နေမင်း #ဆိုတေး #ဉာဏ်လင်းအောင် #ဒီဖြိုး #NguYeeThant #ShinNayMin #DPhyo #SoTay #NyanLinnAung #MyanmarCeleBirthday #MyanmarCele #MyanmarSinger #Thargi









