MT News
၁. ၆. ၂၀၂၆
နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို လာမည့် ဇူလိုင်လအတွင်း ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ကဏ္ဍအသီးသီးမှ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးနိုင်ကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်သည်။
မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ပေါကြွယ်ဝစွာရရှိနေသော်လည်း နေရောင်ခြည်စွမ်းအင် အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်ရှိနေသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများ အတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်း ဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆိုလာစနစ်အား တပ်ဆင်အသုံးပြုနိုင်ရေးဟူ၍ နည်းလမ်း ၂ ခု ဖြင့် အားပေးဆောင်ရွက်လျက်ရှိနေသည်။
ယင်းသို့ဆောင်ရွက်ရာ၌ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများ၊ စီမံကိန်းများသည် လျင်မြန်စွာ အကောင် အထည်ပေါ်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လပထမအပတ်အတွင်း ကျယ်ပြန့်စွာ ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာ ဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြပါရန်နှင့် ဆွေးနွေးလိုသည့် ခေါင်းစဉ်များကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသန့်ထွန်း – ၀၉ ၄၃၀၁၆၆၉၀၊ ၀၆၇ ၃၄၁၀၄၇၁ ([email protected]) ထံ ဆက်သွယ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။


