MT News
၁. ၆. ၂၀၂၆
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလုကျေးရွာတွင် ငွေကျပ် ၁ ဒသမ ၆၆ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဥ်မှာ မေလ ၃၀ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုတစ်ခုနှင့် ဆက်စပ် ၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအား CCTV မှတ်တမ်းများမှတစ်ဆင့် လိုက်လံစုံစမ်းနေစဉ် ရရှိသည့် သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ စန်းလုကျေးရွာရှိ လော်ဂေါ် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ လော်ဂေါ်အား မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ မီတီးအား တွေ့ရှိခဲ့ရပြီး နေအိမ်အတွင်း စိတ်ကြွဆေးပြား ၃၂ သိန်းခန့်၊ အိုက်စ် ၄၄ ကီလိုခန့်၊ ဘိန်း ၃ ကီလိုခန့်ထို့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းငွေကျပ်တန်ဖိုး ကျပ် ၁ ဒသမ ၆၆ ဘီလျံကျော်သိမ်းဆည်းရမိခဲ့သဖြင့် လက်ရှိ ဖမ်းဆီးရမိသူ မီတီးကို စစ်ဆေးမေးမြန်းပြီး သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
ထို့အတူ ပြစ်မှုကျူးလွန်ထားသည့် ကွင်းဆက်များနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် လော်ဂေါ် အား ဖမ်းဆီးရမိရေး ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရှိရသည်။
