သက်တံ့
၁. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရီဒီ ဘာနိုမြောင် (Pridi Banomyong) ဧရိယာရှိ လိုင်စင်မဲ့ ကျောင်းတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် အလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာနတို့က မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ဆရာ/ဆရာမ ၆ ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါကျောင်းသည် တရားဝင်ခွင့်ပြုချက်မရှိဘဲ လည်ပတ်နေပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) မရှိသည့် နိုင်ငံခြားသား ဝန်ထမ်းများကို ခန့်အပ်ထားကြောင်း သတင်းအချက်အလက် ရရှိပြီးနောက် စနေနေ့တွင် ယခုကဲ့သို့ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့ ( မေ ၃၁ ရက်) တွင် ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါကျောင်းသည် ထိုင်းနိုင်ငံ ဥပဒေအရ လိုင်စင်ရရှိထားခြင်း မရှိသော်လည်း ဖွင့်လှစ်ထားသည်မှာ ၅ နှစ်ကျော်ပြီဖြစ်ကြောင်းနှင့် မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြသည့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ကို သင်ကြားပေးနေကြောင်း သိရသည်။
ထို့ပြင် ရဲတပ်ဖွဲ့သည် သင့်တော်ခိုင်လုံသော စာရွက်စာတမ်း အထောက်အထားမရှိဘဲ စာသင်ကြားနေသည့် နိုင်ငံခြားသား ဆရာ/ဆရာမများကိုလည်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ခလောင်တန် (Khlong Tan) ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
၎င်းတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများအရ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်မှု သို့မဟုတ် ဗီဇာစည်းကမ်းချက်များကို ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုခြင်းခံရမည် ဖြစ်သည်။
Ref : Bangkok Post


