
သက်တံ့
၃၁. ၅. ၂၀၂၆
ဒတ်ခ်ျနိုင်ငံ (နယ်သာလန်) ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးမှုပြုလုပ်စဉ် ရဲတပ်ဖွဲ့က ၎င်း၏ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးအား မြေပြင်ပေါ်သို့ အင်အားသုံး ဖိနှိပ်ချုပ်ကိုင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ အင်အားသုံးစွဲမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဖိအားပေးမှုများနှင့်အတူ အွန်လိုင်းတွင် ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက ကိုယ်ဝန်ရှိနေသည်မှာ သိသာထင်ရှားသော အမျိုးသမီးတစ်ဦးကို မြေပြင်ပေါ်သို့ တွန်းလှဲဖိနှိပ်ထားသည့် ဗီဒီယိုဖိုင်ကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပြင်းထန်သော မကျေနပ်မှုများနှင့် အခြေအတင်ဆွေးနွေးမှုများ ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်များ၏ အင်အားသုံးစွဲမှုအတိုင်းအတာအပေါ် အသုံးပြုသူအများအပြားက မေးခွန်းထုတ်ခဲ့ကြသည်။ သောကြာနေ့ (မေ ၂၉ ရက်) က စတင်ကာ ပျံ့နှံ့သွားခဲ့သည့် အဆိုပါရုပ်သံဖိုင်တွင် အမ်စတာဒမ်မြို့အနီးရှိ ဇိုက်စ် (Zeist) မြို့ ကမ့်ပ်ဝက်ဂ် (Kampweg) လမ်းပေါ်ရှိ ဒုက္ခသည်များလက်ခံစောင့်ရှောက်ရေးစခန်းတစ်ခု၌ ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနေပုံကို မြင်တွေ့ရသည်။ ထိုသို့ဖမ်းဆီးနေစဉ်အတွင်း ကိုယ်ဝန်အရင့်အမာရှိနေသည့် အမျိုးသမီးက ရဲတပ်ဖွဲ့ဝင်များအနီးသို့ ချဉ်းကပ်လာခဲ့ရာ ရဲအရာရှိတစ်ဦးက သူမအား ဖမ်းဆီးကာ မြေပြင်ပေါ်သို့ တွန်းလှဲချုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အမျိုးသမီး၏အဖော်ဖြစ်သူက ကြားဖြတ်ဝင်ရောက်တားဆီးရန် ကြိုးပမ်းခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းချုပ်ရန် ရဲခွေးတစ်ကောင်ကိုပါ အသုံးပြုကာ အင်အားထပ်မံသုံးစွဲ၍ နှိမ်နင်းခဲ့သည်။ အဆိုပါဖြစ်စဉ်သည် အစပိုင်းတွင် ဆေးရုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း၊ ၎င်းပဋိပက္ခသည် ဇိုက်စ်မြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒတ်ခ်ျရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ၎င်းတို့သည် ဖျက်ဆီးမှုများနှင့် ဓားဖြင့်ခြိမ်းခြောက်မှုများရှိနေကြောင်း သတင်းပေးချက်အရ သွားရောက်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးမှုမှာ အဆိုပါစွပ်စွဲချက်များနှင့် ဆက်နွှယ်နေကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသည့်အမျိုးသားမှာ ဂါဇာကမ်းမြောင်ဒေသမှ အသက် ၃၀ အရွယ် ပါလက်စတိုင်းအမျိုးသား ဝီဆမ် ရီဒါ ဖာသီ မစ်ဒဒ် (Wesam Rida Fathi Miqdad) သို့မဟုတ် ဝီဆမ် မက်ဒဒ် (Wesam Mekdad) ဖြစ်ကြောင်း အွန်လိုင်းတွင် ဖော်ထုတ်ရေးသားကြသည်။ လူမှုကွန်ရက်ပို့စ်များ၏ ဖော်ပြချက်အရ ၎င်းသည် နယ်သာလန်နိုင်ငံတွင် ပြည်နှင်ဒဏ်ပေးမည့် လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်တားမြစ်ချက် ထုတ်ပြန်ခံထားရသူဖြစ်သည်။
မစ်ဒဒ်၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြချက်များအရ ဒတ်ခ်ျအာဏာပိုင်များက ၎င်းအား လူထုလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ကာ အီဂျစ်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးရန် စီစဉ်ထားသည်။ ၎င်းက ယခင်က ဂရိနိုင်ငံတွင် မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရဖူးကြောင်းနှင့် လက်ရှိဂါဇာတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြား၌ မိသားစု၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်မိကြောင်းလည်း လူသိရှင်ကြား ပြောဆိုထားသည်။သို့သော်လည်း အဆိုပါစွပ်စွဲချက်များနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သော အတည်ပြုချက်များတော့ မရရှိသေးပေ။
မစ်ဒဒ်၏ဇနီးဖြစ်သူဟု သိရသည့် ၎င်းကိုယ်ဝန်ဆောင်အမျိုးသမီးကမူ ခင်ပွန်းဖြစ်သူ ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း ၎င်းနှင့်အတူ လိုက်ပါနေထိုင်ခွင့် ရှိမရှိ ရဲတပ်ဖွဲ့ဝင်များကို သွားရောက်မေးမြန်းခြင်းသာဖြစ်ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ထိုရုပ်သံဖိုင်အပေါ် အွန်လိုင်းတွင် တုံ့ပြန်မှုများ သိသိသာသာ ကွဲပြားလျက်ရှိသည်။ ဝေဖန်သူများက ရဲတပ်ဖွဲ့သည် ထိခိုက်လွယ်သည့် အခြေအနေရှိသူအပေါ် အလွန်အကျွံ အင်အားသုံးစွဲခဲ့ကြောင်း စွပ်စွဲခဲ့ကြပြီး၊ အမျိုးသမီး၏ ကိုယ်ဝန်ဆောင်အခြေအနေနှင့် ယှဉ်ပါက ရဲတပ်ဖွဲ့၏လုပ်ရပ်မှာ လုံးဝအချိုးအစားမကျကြောင်း ထောက်ပြကြသည်။ အခြားတစ်ဖက်တွင်မူ ဖမ်းဆီးရမိသည့် အခြေအနေနောက်ခံနှင့် ဖြစ်ပွားရာနေရာ၏အခြေအနေကို ထိန်းချုပ်ရန် လိုအပ်ချက်များကို ထောက်ပြကာ ရဲတပ်ဖွဲ့၏တုံ့ပြန်မှုကို ကာကွယ်ပြောဆိုသူများလည်း ရှိနေသည်။
မိသားစုဝင်များနှင့် ဆက်နွှယ်သည့် လူမှုကွန်ရက်ပို့စ်များအရ အဆိုပါအမျိုးသမီးသည် ၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် သမီးမိန်းကလေးတစ်ဦးကို မွေးဖွားခဲ့ကြောင်း သိရသည်။
ဒတ်ခ်ျအာဏာပိုင်များက ယခုရုပ်သံဖိုင်ကြောင့် လူထုအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ကို အသိအမှတ်ပြုထားသည်။ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် ဖမ်းဆီးစဉ်အတွင်း အင်အားသုံးစွဲခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
Ref: WION
