



နေမိုး
၃၁.၅. ၂၀၂၆
အကြမ်းဖက် တအာင်းလက်နက်ကိုင် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ TNLA လက်နက်စက်ရုံတစ်ခု ပေါက်ကွဲမှု ဒီနေ့ ဖြစ်ပွားခဲ့တာကြောင့် သေဆုံးဒဏ်ရာရရှိသူတွေ အများအပြားရှိတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဟာ ဒီနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ ကောင်းတပ်ရွာရဲ့ ဘုန်းကြီးကျောင်းအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ TNLA မီဒီယာဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေနဲ့ ဒေသတွင်းသတင်းတွေအရ ပေါက်ကွဲမှုဟာ မူဆယ်ကနေ ကြားရလောက်အောင် ပြင်းထန်ကြီးမားခဲ့ပြီး မီးခိုးလုံးဖြူကြီးကောင်းကင်ပေါ်တက်လာတာ တွေ့ရပါတယ်။ ရွာတစ်ရွာလုံးနီးပါးနေအိမ်တွေ ပွင့်ထွက်ပျက်စီးသွားတာလည်း တွေ့ရပြီး ဒီအပျက်အစီးပုံထဲမှာ သေကြေ ငိုယိုနေကြတာလည်း တွေ့ရပါတယ်။

သေကြေပျက်စီးနေသူတွေကြားထဲမှာလည်း TNLA လက်နက်ကိုင်တွေ လိုက်လံစစ်ဆေးနေတာ တွေ့ရပါတယ်။
ကောင်းတပ်ရွာဟာ မန့်နောင်ကျေးရွာအုပ်စုထဲမှာတည်ရှိပြီး ကျေးရွာအုပ်စုတစ်စုလုံးမှ လူ ၆၈၀ အောက်ပဲနေထိုင်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွာကောဖြစ်နေပေမဲ့ TNLA အကြမ်းဖက်တွေ လက်နက်စက်ရုံတည်ပြီးနောက်မှာ TNLA လက်နက်ကိုင်တွေနဲ့ ပြန်လည်စည်ကားလာတဲ့ ရွာလို့လည်း ကနဦးသိထားရပါတယ်။
ပုံစာ။ ကောင်းတပ်ရွာ လက်နက်စက်ရုံ ပေါက်ကွဲမှုဖြစ်စဥ်ဟု ပျံ့နှံ့နေသော ပုံရိပ်များ။
