သက်တံ့
၂၇. ၅. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချာယာဖွန် (Chaiyaphum) ပြည်နယ်တွင် အရက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲထားသည့် အရှိန်ဖြင့် မိခင်ဖြစ်သူအား ရိုက်နှက် အဓမ္မပြုကျင့်ခဲ့သည့် ဆယ်ကျော်သက်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် မေလ ၂၅ ရက်နေ့က ကာဆက်ဆွန်ဘွန်း (Kaset Sombun) ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်တစ်နေ့ နံနက်တွင် ဒေသခံရဲတပ်ဖွဲ့ထံ သတင်းတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ မိခင်ဖြစ်သူက သူမ၏သားသည် အခန်းထဲသို့ ဝင်ရောက်လာပြီး သူမအား ရိုက်နှက်ကာ ယခုကဲ့သို့ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သားဖြစ်သူက သတ်ပစ်မည်ကို စိုးရိမ်သောကြောင့် ထပ်မံ၍ ခုခံခြင်းမပြုခဲ့ကြောင်း သူမက ဆိုသည်။ ပြစ်မှုကျူးလွန်ပြီးနောက် သံသယရှိသူသည် ၎င်း၏အစ်ကိုဖြစ်သူကို သွားရောက်ခေါ်ဆောင်ကာ သားအမိသုံးဦး တစ်ခန်းတည်းတွင် အတူတူ ပြန်လည်အိပ်စက်ခဲ့ကြသည်။
မိခင်ဖြစ်သူသည် သံသယရှိသူ၏ အကြမ်းဖက်မှုကို ထပ်မံကြုံတွေ့ရမည်စိုးသဖြင့် အကြီးဆုံးသားဖြစ်သူကို ဘာဖြစ်ခဲ့သည်ဆိုခြင်းအား ပြောပြခဲ့ခြင်းမရှိပေ။ သို့သော် နောက်တစ်နေ့နံနက်တွင် သူမသည် အိမ်နီးနားချင်းတစ်ဦးနှင့် တိုင်ပင်ပြီးနောက် ဘန်ဒူဝါ (Ban Deua) ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာကို ပြန်လည်သရုပ်ပြသစဉ်အတွင်း သံသယရှိသူက ၎င်းအနေဖြင့် အရက်နှင့် စိတ်ကြွဆေးပြားများကြောင့် မူးယစ်ရူးသွပ်ကာ မိမိကိုယ်ကိုယ်မထိန်းချုပ်နိုင်ဘဲ ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများကို ဝန်ခံခဲ့သည်။ ထို့ပြင် မိခင်ဖြစ်သူက ၎င်းပြောသမျှကို မလိုက်နာပါက ထပ်မံအကြမ်းဖက်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် သံသယရှိသူသည် ကျေးရွာအတွင်းရှိ အခြားလူငယ်များကိုလည်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးပေးနေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိထားသည်။
ရဲအရာရှိများ၏ မှတ်တမ်းအရ အဆိုပါမိသားစု၏ နေအိမ်သည် ယခင်ကတည်းက ပြစ်မှုကျူးလွန်သူကြောင့် နံရံများ ပျက်စီးနေသည့် ယိုယွင်းနေသော ကွန်ကရစ်အဆောက်အအုံတစ်ခု ဖြစ်သည်။ မိခင်ဖြစ်သူ၏ ခင်ပွန်းသည် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင် သူမနှင့် သားနှစ်ဦးသာ နေထိုင်ကြသည်။
ရဲတပ်ဖွဲ့နှင့် လူထုအခြေပြုမှတ်တမ်းများအရ သံသယရှိသူသည် ယခုကဲ့သို့ မုဒိမ်းမှု မကျူးလွန်မီကတည်းက ရန်လိုပြီး အကြမ်းဖက်တတ်သည့် သမိုင်းကြောင်း အရှည်ကြီးရှိခဲ့သူ ဖြစ်သည်။
၎င်းသည် မူလတန်းကျောင်းတက်စဉ် အရွယ်ကတည်းက အတန်းဖော်များနှင့် ခဏခဏ ရန်ဖြစ်လေ့ရှိသဖြင့် ကျောင်းတာဝန်ရှိသူများ၊ ရွာလူကြီးများနှင့် မိဘများအကြား မကြာခဏ တွေ့ဆုံဆွေးနွေးခဲ့ရဖူးသည်။ ၎င်းသည် ဆဋ္ဌမတန်း (Grade 6) အောင်မြင်ပြီးနောက် အထက်တန်းပညာရေးကို ဆက်လက်သင်ကြားခဲ့ခြင်း မရှိပေ။
ထို့နောက်တွင် ၎င်းကို မူးယစ်ဆေးဝါးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အခြေအနေ တိုးတက်ကောင်းမွန်လာသဖြင့် အိမ်သို့ ပြန်လည်စေလွှတ်ခဲ့သော်လည်း ဆေးဆက်သောက်ရန် ငြင်းဆန်ခဲ့ပြီး စိတ်ကြွဆေးပြားများကို ပြန်လည်သုံးစွဲခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အစောပိုင်းကလည်း ၎င်းသည် အသက် ၆၆ နှစ်အရွယ် အိမ်နီးနားချင်း အမျိုးသားတစ်ဦး၏ နေအိမ်သို့သွားရောက်ကာ မူးယစ်ဆေးဝါးနှင့် အရက်ဖိုးအတွက် ငွေတောင်းခံခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။ အဆိုပါအမျိုးသားက ငြင်းဆန်သောအခါ ၎င်းအား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်ခဲ့သဖြင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
ထိုအိမ်နီးနားချင်းဖြစ်သူမှာ ဘေးအိမ်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် မကြာမီမှာပင် သံသယရှိသူသည် အဆိုပါအမျိုးသား၏ ဇနီးဖြစ်သူ သက်ကြီးရွယ်အို အမျိုးသမီးထံ သွားရောက်ကာ စိတ်ကြွဆေးဖိုး ငွေထပ်မံတောင်းခံခဲ့သည်။ သူမက ငြင်းဆန်သည့်အခါ ၎င်းက မေးစေ့ကို လက်သီးဖြင့် ထိုးခဲ့သဖြင့် သတိလစ်သွားခဲ့ရသည်။ အဆိုပါအမျိုးသမီးသည် ဆေးရုံတွင် တစ်ပတ်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး မေးရိုးကျိုးလုနီးပါး ဖြစ်သွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် ရွာလူကြီးသည် ဒေသခံကျန်းမာရေးအရာရှိများ၊ မြို့နယ်ခွဲအုပ်ချုပ်ရေးအဖွဲ့၊ ဘန်ဒူဝါရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ သံသယရှိသူကို နခွန်ရက်ချာဆီမာ (Nakhon Ratchasima) ရှိ လူငယ်စောင့်ကြည့်ရေးနှင့် ကာကွယ်ရေးစင်တာသို့ ပို့ဆောင်ခဲ့ပြီး ထိုနေရာတွင် ရှစ်လကြာ ထိန်းသိမ်းထားခဲ့သည်။
၎င်းသည် ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကမှ ပြန်လည်လွတ်မြောက်လာပြီး ရွာသို့ ရောက်ရှိလာခြင်းဖြစ်ကာ ၎င်း၏ အပြုအမူများမှာ ပြောင်းလဲသွားခြင်းမရှိကြောင်း ရွာခံများက ဆိုသည်။
လက်ရှိတွင် သံသယရှိသူအား မိခင်အရင်းကို အဓမ္မကျူးလွန်မှု (Rape of a parent) ဖြင့် တရားစွဲဆိုထားပြီး နောက်ထပ် ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ချာယာဖွန် လူငယ်နှင့် မိသားစုတရားရုံးသို့ လွှဲပြောင်းပေးထားပြီး ဖြစ်သည်။ ယခင်က တိုက်ခိုက်ခြင်းခံခဲ့ရဖူးသည့် အသက်ကြီးပိုင်းအမျိုးသား အပါအဝင် အိမ်နီးနားချင်းများက ဥပဒေအရ အပြင်းထန်ဆုံး အရေးယူပေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုထားကြသည်။
Ref: Thaiger
