၂၇.၅.၂၀၂၆
Written By Thandar
နာမည်ကြီး သဘင်ပညာရှင်မြောက်မြားစွာ ပါဝင်ဖျော်ဖြေတင်ဆက်မယ့် “ဒုတိယအကြိမ် သဘင်ညီလာခံနှင့် သဘင်သက်ကြီးပူဇော်ပွဲ ရန်ပုံငွေသဘင်ပွဲတော်ကြီး”ကို လာမယ့် ဇွန်လ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ၂ရက်တိုင်တိုင်ကျင်းပမယ်လို့ သိရပါတယ်။
“အမတို့ သဘင်အစည်းအရုံးအနေနဲ့ လာမယ့် ဇွန်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ ကိုယ့်သဘင်လောက သဘင်ပညာရှင်တွေနဲ့အတူ ဒုတိယအကြိမ်မြောက် သဘင်ညီလာခံနဲ့ သဘင်သက်ကြီးပူဇော်ပွဲ ရန်ပုံငွေ သဘင်ပွဲတော်ကြီးကို ကျင်းပမှာဖြစ်ပါတယ်။ သဘင်ညီလာခံလုပ်တယ်ဆိုတာက အမှုဆောင်အသစ်တွေကိုလည်း ပြန်လည်ရွေးချယ်မယ်။ သဘင်ညီလာခံမှာ တစ်ခါတည်းရွေးချယ်မယ်။ သက်ကြီးပူဇော်ပွဲလည်း လုပ်မှာပါ။ ပထမအကြိမ် ညီလာခံကလည်း တစ်ပါတည်းလုပ်ခဲ့တာပါ။ သဘင်ပတ်သက်တဲ့ရန်ပုံငွေပွဲမို့ သဘင်အနုပညာရှင်တွေ အများဆုံးပါပါမယ်။ အမတို့က ရန်ပုံငွေလုပ်တာက သဘင်လောကက သက်ကြီးပညာရှင်တွေကို လှူဖို့ပါ။ ဒါကြောင့် လက်မှတ်တွေရောင်းချပြီး ဖျော်ဖြေဖို့အတွက်လည်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ နာမည်ရ သဘင်ပညာရှင်တွေနဲ့ ပွဲလာကြည့်ရှုတွေ ပရိသတ်တွေအနေနဲ့ ပေးလိုက်ရတဲ့ အချိန်လက်မှတ်တန်ဖိုးတို့အတွက် ကျေနပ်ရတဲ့ သဘင်ဖျော်ဖြေရေးမျိုးဖြစ်အောင် အမတို့ ကြိုးစားတင်ဆက်ပေးမှာပါ”လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက တာဝန်ရှိသူ မပတ္တမြားကေခိုင်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲကိုတော့ လာမယ့် ဇွန်လ ၉ ရက်နဲ့ ၁၀ ရက်၊ ည ၇ နာရီတိုင်းမှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာကျင်းပမှာလည်းဖြစ်ပါတယ်။ သဘင်ညီလာခံကိုတော့ တိုင်းနဲ့ပြည်နယ်က သဘင်ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ သဘင်သက်ကြီး ရန်ပုံငွေဖျော်ဖြေပွဲမှာ နာမည်ကြီးသဘင်ပညာရှင်ဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်း၊ စွမ်းဇာနည်၊ ဝင်းနောင်၊ စမ်းရေမိုး၊ ဘွန်း၊ ဆန်းမင်းအောင်၊ သူရဝင်းထွဋ်၊ တက္ကသိုလ်ရဲမင်းသွေး၊ ရေကြည်ချမ်းမြ၊ သဥ္ဇာရဲဝင်း၊ ဇွဲရတီ၊ အေးသန္တာဗိုလ်၊ ဘိုမ၊ ယွန်းသံစဉ်၊ ငြိမ်းချမ်းခိုင်၊ အိပုံပုံ၊ ဩဘာစန်း၊ ယွန်းသံစဉ် စတဲ့သူတွေနဲ့အတူ နောက်ပိုင်းဇာတ်တော်ကြီး၊ အော်ပရာ၊ နှစ်ပါးသွားအက စတာတွေ က,ပြဖျော်ဖြေတင်ဆက်ကြမှာလည်းဖြစ်ပါတယ်။
“သဘင်သက်ကြီးပူဇော်ပွဲ ရန်ပုံငွေ” ပွဲလက်မှတ်ဈေးနှုန်းတွေအနေနဲ့ ကျပ်(၁)သိန်း၊ ကျပ်(၇)သောင်း၊ ကျပ်(၅)သောင်း သတ်မှတ်ထားပြီး ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချလိုသူတွေအနေနဲ့လည်း 09456787199 နဲ့ 09250423642 တို့ကို မေးမြန်းစုံစမ်းနိုင်တယ်လို့ သိရပါတယ်။
#တင်မောင်ဆန်းမင်းဝင်း #စွမ်းဇာနည် #ဝင်းနောင် #စမ်းရေမိုး #ဘွန်း #ရေကြည်ချမ်းမြ #သဥ္ဇာရဲဝင်း #ဇွဲရတီ #အေးသန္တာဗိုလ် #မြန်မာနိုင်ငံသဘင်အစည်းအရုံး #ပတ္တမြားကေခိုင် #သဘင်သက်ကြီးပူဇော်ပွဲ #TinMaungSanMinWin #Swam #WinNaung #SanYayMoe #YayKyiChanMya #သဘင်ညီလာခံ









