သက်တံ့
၂၇. ၅. ၂၀၂၆
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ (ထိုင်းသတင်များက Chukari ဟု ဖော်ပြ) ရွာမှ ဒေသခံရွာသူရွာသားများက ထိုင်းနိုင်ငံရှိ အုမ်းဖန် (Umphang) ဆေးရုံသို့ ဘတ်ငွေ ၁၄,၀၀၀ လှူဒါန်းခဲ့မှုအပေါ် ထိုင်းအွန်လိုင်းအသုံးပြုသူများအကြား အလွန်အမင်း ချီးမွမ်းစကားဆိုနေကြပြီး အများစုက ယင်းလုပ်ရပ်ကို နယ်စပ်ဖြတ်ကျော်ကာ အပြန်အလှန်စာနာရိုင်းပင်းကြသည့် စိတ်လှုပ်ရှားဖွယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနမူနာတစ်ခုအဖြစ် ပြောဆိုနေကြသည်။
အုမ်းဖန်ဆေးရုံသည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်၊ အုမ်းဖန်ခရိုင်တွင် တည်ရှိပြီး နယ်စပ်တိုက်ပွဲများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မြန်မာဘက်ခြမ်းမှ ဒေသခံပြည်သူများသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် နယ်စပ်ဖြတ်ကျော်ကာ ၎င်းဆေးရုံသို့ အဓိက အားကိုးအားထားပြု လာရောက်ကုသကြရခြင်း ဖြစ်သည်။
အုမ်းဖန်ဆေးရုံသည် အဆိုပါ အလှူငွေပေးအပ်မှုကို ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ အလှူငွေများကို ဆေးရုံသို့လာရောက် ဆေးကုသမှုခံယူကြသည့် လူနာများအတွက် အကျိုးရှိရှိ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုထုတ်ပြန်မှုအပြီးတွင် ထိုင်းအွန်လိုင်းအသုံးပြုသူများထံမှ နွေးထွေးသည့် တုံ့ပြန်မှုများ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ လူမျိုး၊ နိုင်ငံသား ခွဲခြားမှုမရှိဘဲ လူနာများကို ကုသစောင့်ရှောက်ပေးနေသည့် ဆေးရုံရှိ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများအပေါ် ကျေးဇူးသိတတ်ကြသည့် စုကလိရွာသားများကို အများအပြားက ချီးကျူးခဲ့ကြသည်။ အခြားသူများကလည်း ဆုတောင်းစကားများ အသီးသီးဆိုခဲ့ကြသလို အချို့သော မှတ်ချက်များတွင်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသည့် အကျပ်အတည်းများအကြား အလှူရှင်များ ဘေးကင်းကြပါစေကြောင်း ဆုတောင်းပေးထားကြသည်။
“ဒီကောင်းမှုကုသိုလ်တွေက သူတို့ရဲ့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ လမ်းပြပေးပါစေ” ဟု အွန်လိုင်းအသုံးပြုသူတစ်ဦးက ရေးသားထားသည်။
အုမ်းဖန်ဆေးရုံသည် ထိုင်း-မြန်မာနယ်စပ် တာ့ခ် (Tak) ပြည်နယ်၊ အုမ်းဖန်ခရိုင်တွင် တည်ရှိပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ စုကလိဒေသနှင့် ထိစပ်နေသလို နယ်စပ်ဖြတ်ကျော်ကာ ဆေးကုသမှုလာရောက်ခံယူကြသည့် မြန်မာနိုင်ငံမှ လူနာများကို ဆေးဝါးကုသမှု ပံ့ပိုးပေးနေခြင်းကြောင့် လူသိများထင်ရှားသော ဆေးရုံတစ်ရုံ ဖြစ်သည်။
Ref: Khaosod English
