သတိုး၊ မင်းသက်
၂၇. ၅. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနှံ့တွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအား လိုက်လံ ကုန်ရောင်းခိုင်းပြီး သတ်မှတ်ထားသည့် ရောင်းချရငွေမပြည့်ပါက ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသား သုံးဦးကို ဗုဒ္ဓဟူးနေ့ (မေ ၂၇ ရက်) က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်အား လက်မောင်းရိုးကျိုးနေသည့် ဒဏ်ရာဖြင့် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ် စယမ် ဘွန်ဆွန် (Sayam Boonsom) ၏ လမ်းညွှန်မှုအရ ကလေးသူငယ်နှင့် အမျိုးသမီးကာကွယ်ရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် ဘန်ကောက်မြို့၊ စွမ်းလွမ် (Suan Luang) ခရိုင်ရှိ နေအိမ်တစ်အိမ်တွင် မြန်မာ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းနေအိမ်အတွင်းမှ အခြားကလေးငယ် ငါးဦးကိုလည်း ရဲတပ်ဖွဲ့က ထပ်မံကယ်ဆယ်နိုင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူများသည် အဆိုပါ ကလေးသူငယ်များကို နေ့စဉ် မွန်းလွဲ ၃ နာရီမှ နောက်တစ်နေ့ နံနက် ၃ နာရီအထိ မြို့တော်ရှိ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်း နေရာများတွင် ပန်းများနှင့် မုန့်များ လိုက်လံရောင်းချခိုင်းကာ ခေါင်းပုံဖြတ်ခဲ့ကြကြောင်း သိရသည်။
အကယ်၍ ကလေးငယ်များက သတ်မှတ်ထားသည့် ရောင်းအားပမာဏ ပြည့်မီအောင် မရောင်းနိုင်ပါက သံသယရှိသူများက ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ဖြင့် ညှဉ်းပန်းခဲ့ကြသည်။ နစ်နာသူ ကလေးငယ်များသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုအုပ်စုဝင်များ ဖြစ်ကြကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကျူးလွန်သူ သုံးဦးအား ထိုင်းရဲတပ်ဖွဲ့က တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Ref: Bangkok Post
